ဇိုတုန်နယ်အတွင်း စစ်ဘေးရှောင်ပြည်သူများ ဆေးဝါးနှင့်စားနပ်ရိက္ခာ အကူအညီလိုအပ်နေ

ဇိုတုန်နယ်အတွင်း စစ်ဘေးရှောင်ပြည်သူများ ဆေးဝါးနှင့်စားနပ်ရိက္ခာ အကူအညီလိုအပ်နေ

ချင်းပြည်နယ်၊ မတူပီမြို့နယ် အရှေ့ဇိုတုန်နယ်မြေ ချင်း-မကွေးနယ်စပ်ဘက်တွင် စစ်ကောင်စီတပ်ဖွဲ့များ ဇွန်လကတည်းက စစ်ကြောင်းထိုးလာကာ နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေသည့်အတွက် ထောင်နှင့်ချီသော ဒေသခံပြည်သူများသည် တောထဲသို့ ထွက်ပြေးစစ်ဘေးတိမ်းရှောင်နေကြရပြီး ဆေးဝါးနှင့်စားနပ်ရိက္ခာ အကူအညီလိုအပ်နေသည်ဟု ဇိုတုန်စစ်ဘေးရှောင်ကူညီရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ကျွန်တော်တို့က အရှေ့ဇိုတုန်ဖက် ဇွန်လ ပထမပတ်ကစပြီးတော့ မြန်မာ့တပ်မတော်က စစ်ကြောင်း နှစ်ခေါက်ထိုးပြီတော့ ပြည်သူတွေကလည်း များသောအားဖြင့် တောထဲမှာပဲတိမ်းရှောင်နေရကြရတယ်၊ သူတို့အတွက် ပထမဆုံးအခက်အခဲက စားရေးသောက်ရေးပဲ ရှိတာလေးနဲ့ ရွာနားနီးမှာ ဆိုင်ကယ်နဲ့ဖြစ်ဖြစ် ခြေကျင်နဲ့ဖြစ်ဖြစ် သွားလို့ရတဲ့နေရာမှာ အကူအညီတောင်းပြီး စုဆောင်းကြတာ၊ ဆေးဝါးကတော့ တော်တော်လေးခက်ခဲတယ် မိုးရွာသီဆိုတော့ ဖျားတာ၊ ကလေးတွေ သွေးလွန်တုပ်ကွေးဖြစ်တော့ ကျန်းမာရေးအခြေအနေတော့ တော်တော်လေးခက်ခဲတယ်။” ဟု ဇိုတုန်စစ်ဘေးရှောင်ကူညီရေးအဖွဲ့ တာဝန်ရှိသူက ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့သည် ဂန့်ဂေါမြို့နယ်မှ မတူပီမြို့နယ်ဖက်သို့ ပြီးခဲ့သည့် ဇွန်လနှင့် ဇူလိုင်လအတွင်း စစ်ကြောင်းထိုးခဲ့ကာ နှစ်ဖက်တိုက်ပွဲဖြစ်ပွားမှုမရှိခဲ့သော်လည်း စစ်ကောင်စီတပ်ဖွဲ့မှ လက်နက်ကြီး၊ လက်နက်ငယ်များပစ်ခတ်ကာ ရမ်းစီး၊ နာဘုန်းကျေးရွာအတွင်း ဝင်ရောက်ခဲ့သောကြောင့် ဒေသခံများ အိုးအိမ်စွန့်ထွက်ပြေးခဲ့ကြရသည်။

အဆိုပါ စစ်ကြောင်းထိုးခြင်းကြောင့် ဂန့်ဂေါမြို့နှင့် မိုင်နှစ်ကျော်ကွာဝေးသော အန်းသားကျေးရွာ ရောင်နပ်ကျေးရွာ၊ မတူပီမြို့နယ် ဒါးလ်ကျုံးရွာ၊ ရမ်းစီးရွာ၊ နာဘုန်း စသည့် ရွာပေါင်း (၅) ရွာမှ လူဦးရေနှစ်ထောင်ကျော်တို့သည် တောထဲတွင် ထွက်ပြေးတိမ်းရှောင်ကြသည့်အပြင် ဂန့်ဂေါမြို့ဘက်တွင်လည်း သွားရောက်ခိုလုံသူများလည်းရှိသည်ဟု သိရသည်။

ချင်း-မကွေးနယ်စပ် မတူပီမြို့နယ် ဇိုတုန်နယ်မြေ ရမ်းစီးကျေးရွာဘက်တွင် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ဖွဲ့သည် ဇူလိုင်လကုန်ပိုင်းက ရမ်းစီးရွာသား အယောက် ၃၀ ခန့်ကိုလည်း ဖမ်းဆီးခဲ့ပြီး ၎င်းတို့ကို ကယ်ထုတ်ရန်သွားသည့် CDF-Zotung တပ်ဖွဲ့မှ စစ်ဦးစီးချုပ်နှင့် ရဲဘော်နှစ်ဦးကိုလည်း ဖမ်းဆီးသတ်ဖြတ်ခြင်းခံခဲ့ရသည်။

လက်ရှိတွင် စစ်ကောင်စီတပ်ဖွဲ့သည် ရမ်းစီးကျေးရွာအတွင်း တပ်စွဲထားသည်ဟု သိရသည်။

မတူပီမြို့နယ် အရှေ့ဇိုတုန်နယ်သည် လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည့်အတွက် အလှူရှင်များ သွားရောက်နိုင်ခြင်းမရှိခြင်းကြောင့် စစ်ဘေးရှောင်ပြည်သူများလိုအပ်သည့် စားနပ်ရိက္ခာများနှင့် ဆေးဝါးများ ကူညီပံ့ပိုးပေးနိုင်ခြင်းမရှိနိုင်သေးကြောင်း သိရသည်။

Most read this week

ဓာတ်ပုံ - (PDF – Zoland / ပုံဟောင်း)
September 14, 2026
ချင်းပြည်မြောက်ပိုင်း၊ တီးတိန်နှင့် တွန်းဇံမြို့နယ်များတွင် အခြေစိုက်လှုပ်ရှားနေသည့် PDF-Zoland...
ဓါတ်ပုံ - (ပုံဟောင်း / Crd)
September 3, 2026
ချင်းပြည်အတွင်းရှိ ချင်းတော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားသော ဒေသများတွင် ပြည်သူ့ကျန်းမာရေး...
September 2, 2026
ချင်းပြည် (Chinland) ကာကွယ်ရေးဥပဒေ ရေးဆွဲပြဋ္ဌာန်းနိုင်ရေးကို ချင်းပြည်လွှတ်တော်၏ ဦးစားပေး...
September 1, 2026
ချင်းပြည်၊ မင်းတပ်မြို့နယ်၊ ဝုမ်းခုမ်ကျေးရွာ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ကလေးငယ်များနှင့်...