ရိခေါဒါရ်တိုက်ပွဲ စစ်ကောင်စီဘက်က တပ်ရင်းမှူးအပါအဝင် ၅ ဦးသေဆုံး

ရိခေါဒါရ်တိုက်ပွဲ စစ်ကောင်စီဘက်က တပ်ရင်းမှူးအပါအဝင် ၅ ဦးသေဆုံး

အိန္ဒိယ-မြန်မာနယ် အမှတ် ၂ နယ်စပ်ကုန်သွယ်ရေးခစန်း အခြေစိုက်ရာ ချင်းပြည်နယ် ဖလမ်းမြို့နယ် ရိခေါဒါရ်မြို့မှာ ယမန်နေ့ မနက်ပိုင်းကဖြစ်ပွားတဲ့တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က တပ်ရင်းမှူး ဒု-ဗိုလ်မှူးကြီး ဝေမျိုးပိုင်အပါအဝင် ၅ ဦးသေဆုံးပြီး ဒဏ်ရာရရှိသူ အများအပြားရှိခဲ့တယ်လို့ သိရပါတယ်။

ရိခေါဒါရ်မြို့ အမှတ် ၂ ရပ်ကွက် (တီအို) တောင်ထိပ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက ယမန်နေ့ နက်ပိုင်း ၂ နာရီကနေ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြတာဖြစ်ပြီး မနက်ပိုင်း ၇ နာကျော်ကျော်လောက်အထိ အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွားခဲ့ကြဖြစ်ပါတယ်။

အဲဒီတိုက်ပွဲမှာ စစ်ကောင်စီဘက်က ၅ ဦးသေဆုံးပြီး ၄ ဦးကတော့ တပ်စခန်းကနေ လက်နက်မပါဘဲ ထွက်ပြေးလာကြပြီး ချင်းကာကွယ်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်ခဲ့တယ်လို့ သိရပါတယ်။

ယမန်နေ့မနက်ပိုင်း တိုက်ပွဲနဲ့ပတ်သက်ပြီး PDF-Zoland တပ်ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူက “ကျနော်တို့ ဒီကနေ့ အိန္ဒိယ-မြန်မာနယ်စပ် ရိအခြေစိုက်တပ်စခန်းကို ကျနော်တို့ ပူးပေါင်းတပ်ဖွဲ့က သွားပြီးတော့ တိုက်ခိုက်တာပါ သူတို့ထဲက ၅ ယောက်ကျဆုံးတယ်လို့ သိရတယ် ထွက်ပြေးတာတော့ ၄ ယောက်ထွက်ပြေးတယ်၊ ဒဏ်ရာရတာတော့ အများကြီးရှိတယ်လို့ပြောတယ်" လို့ သူကပြောပါတယ်။

ရိခေါဒါရ်မြို့မှာ အမှတ် ၁ နဲ့ အမှတ် ၂ ရပ်ကွက် ၂ ခုရှိပြီး စစ်ကောင်စီတပ်ဖွဲ့တွေဟာ မြို့ရဲ့အချက်အချာကျတဲ့ တောင်ကုန်း ၂ နေရာမှာ စခန်းချတပ်စွဲနေကြတာဖြစ်ပြီး ချင်းကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေဖြစ်တဲ့ CDM-Siyin၊ PDF-Zoland, CNDF နဲ့ MEDF တပ်ဖွဲ့တွေက အမှတ် ၂ ရပ်ကွက် တောင်ထိပ်မှာတပ်စွဲထားတဲ့စခန်းကို သွားရောက်တိုက်ခိုက်ခဲ့ကြတာဖြစ်ပါတယ်။

အဲဒီတိုက်ပွဲမှာ ရိခေါဒါရ်မြို့အမှတ် ၁ ရပ်ကွက် တောင်ထိပ်မှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းကနေ လက်နက်ကြီးတွေနဲ့ အကြိမ်ကြိမ်ပစ်ကူခဲ့တာကြောင့် အမှတ် ၂ ရပ်ကွက်ထဲက လူနေအိမ်တစ်လုံးပေါ် ကျရောက်ပေါက်ကွဲပြီး အရပ်သားပြည်သူတစ်ဦး သေဆုံးခဲ့သလို ၂ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့လည်း သူကဆက်ပြောသည်။

“သူတို့တောင်ကုန်းပေါ်ကနေ လှမ်းပစ်လိုက်တဲ့ အမြောက်ကျည်ဆံတွေက အရပ်သားနေတဲ့ရပ်ကွက်ထဲကိုကျပြီးတော့ ၂ ယောက်ပြင်းပြင်းထန်ထန် ဒဏ်ရာရတယ် တယောက်ကတော့ သေတယ်လို့ပြောတယ်" လို့ PDF-Zoland ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

သေဆုံးသူဟာ ကလေးမြို့မွန်းလိုင်ရပ်ကွက်တွင်နေထိုင်သူဟုသိရပါတယ်။

ရိခေါဒါရ်မြို့မှာ တိုက်ပွဲဖြစ်ပွားပြီးနောက် မနက်ပိုင်း ၉ နာရီဝန်းကျင်လောက်ကနေ စစ်ကောင်စီတပ်ရဲ့ တိုက်ခိုက်ရေ လေယာဉ် ဂျက်ဖိုက်တာတစ်စီး ရိခေါဒါရ်မြို့နဲ့ ဟိုင်မွှလ်ရွာသစ်ပေါ်ကို အနည်းဆုံး လေးကြိမ်လောက် ပျံဝဲခဲ့တယ်လို့လည်း သိရပါတယ်။

နေလည်ပိုင်းမှာတော့ တိုက်ပွဲဖြစ်ပွားမှုမရှိတော့ဘဲ အခြေနေတည်ငြိမ်သွားတယ်လို့ သိရပေမယ့် ရိခေါဒါရ်မြို့ အမှတ် ၂ ရပ်ကွက်က ပြည်သူအများစုကတော့ တဖက် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် ဇိုခေါထာရ်ကျေးရွာဘက်ကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

Most read this week

February 16, 2026
မြန်မာနိုင်ငံဘက်သို့ ကုန်စ္စည်းများပို့ဆောင်သည့် မီဇိုရမ်ပြည်နယ် လောင်တလိုင်မြို့က...
February 13, 2026
ချင်းပြည်နယ်မြောက်ပိုင်၊ ဖလမ်းမြို့နယ်ထဲကို စစ်ကြောင်းထိုးလာနေသော စစ်ကော်မရှင်တပ်များကို WITCH...
February 12, 2026
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်အတွင်း PDF-Zoland က ဘိန်းစိုက်ခင်းတွင်...
February 11, 2026
ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ အာရက္ခတပ်တော် (ULA/ AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်နှင့်...