ကလေးမြို့ ရထားဘူတာရုံအနီးမှာ အမည်မသိလက်နက်ကိုင်အဖွဲ့က လင်မယား(၂)ယောက် စီး လာတဲ့ ဆိုင်ကယ်ကိုလုယူ

ကလေးမြို့ ရထားဘူတာရုံအနီးမှာ အမည်မသိလက်နက်ကိုင်အဖွဲ့က လင်မယား(၂)ယောက် စီး လာတဲ့ ဆိုင်ကယ်ကိုလုယူ

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ ရထားဘူတာရုံအနီး တပ်ဦးသီတာရပ်ကွက် နယ်မြေ (၁၁)မှာ ယမန်နေ့ ဩဂုတ်လ(၉)ရက်နေ့ မွန်းလွဲ (၄)နာရီအချိန်က အမည်မသိအရပ်ဝတ်လက်နက်ကိုင်အဖွဲ့က  လင်မယားနှစ်ယောက် စီးလာတဲ့ ဆိုင်ကယ်ကို လုယူခဲ့ပြီး မိန်းမဖြစ်သူကို သေနတ်နဲ့ချိန်ပြီး အမျိုးသားဖြစ်သူကို ပစ္စတိုဒင်နဲ့ခေါင်းကို (၄)ချက်ထု ခဲ့တယ်လို့ ဆိုင်ကယ်အလုခံရတဲ့သူနဲ့ ရင်းနှီးတဲ့သူတစ်ယောက်ကပြောပါတယ်။

 ဆိုင်ကယ်လုခံရတဲ့ လင်မယားနှစ်ယောက်ဟာ မြို့လှရပ်ကွက်ဖက်မှာရှိတဲ့ သူတို့ခြံဝင်းကိုသွားရှင်းဖို့ အတွက် သွားတဲ့အချိန် တောင်ဇလပ်ရပ်ကွက်နဲ့ တပ်ဦးသီတာရပ်ကွက်ကြားမှာရှိတဲ့ ဉပုဒ်ချောင်း တံတားအနားအရောက် မှာ အရပ်ဝတ် ဝတ်ထားပြီး လက်နက်တွေ ကိုင်ဆောင်ထားတဲ့ လက်နက်ကိုင်အဖွဲ့က အခုလိုဓားမြတိုက်တာ ခံ ရတာဖြစ်ပါတယ်။

 “ သူတို့လင်မယားက မြို့လှမှာရှိတဲ့ ခြံဝန်းကိုသွားပြီးခြံသန့်ရှင်းရေးသွားလုပ်ဖို့သွားတဲ့ချိန် ဉပုဒ်ချောင်း တံတားအနားအရောက်မှာ ၊ အဲ့လူတွေက ဆိုင်ကယ်တားပြီး ဆိုင်ကယ်ကိုယူသွားကြတယ်၊ အဲ့လင်မယားကိုတော့ ခြေလျင်နဲ့လမ်းလျောက်ပြီး ပြန်ခိုင်းတယ်”လို့ ဆိုင်ကယ် အလုခံရသူနဲ့ ရင်းနှီးတဲ့တစ်ယောက်က အခုလို ပြောပါတယ်။

 အခုလို ဆိုင်ကယ်အလုခံတာကြောင့် အမျိုးသားဖြစ်သူက အဲ့လက်နက်ကိုင်အဖွဲ့တွေကို ဆိုင်ကယ်ပြန် ပေးဖို့ အသနားခံတဲ့ချိန် မိန်းမဖြစ်သူကို သေနတ်နဲ့ခေါင်းကို ချိန်ထားပြီး အမျိုးသားဖြစ်သူကိုတော့ ပစ္စတိုဒင်နဲ့ ခေါင်းကို(၄)ချက်အုပ်တာကြောင့် အနည်းငယ်မူးဝေတာဖြစ်သွားတယ် လို့သူကဆက်ပြောပါတယ်။

 အလုယူခံရတဲ့ ဆိုင်ကယ်မှာ တရုတ်ထုတ်  Kenbo 125ဆိုင်ကယ် အမျိုးအစားဖြစ်ပြီး ဆိုင်ကယ် အလုခံရတဲ့အနားမှာ တပ်မတော် နယ်လှည့် စာရင်းစစ်ရုံးရှိသလို အဆိုပါနေ့ ဆိုင်ကယ်အခိုးခံပြီးတဲ့ချိန်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ က အရပ်ဝတ်လဲကြပြီး Kenbo 125ဆိုင်ကယ် အသစ်(၃)စီးကိုလဲ ယူဆောင်လာ ကြတယ်လို့ မျက်မြင်တွေ့ရှိသူ တစ်ယောက်ကပြောပါတယ်။

 “ နယ်လှည့်စာရင်းစစ်ရုံး အနားမှာ စစ်သားတစ်ချို့ အရပ်ဝတ်လဲကြတာမြင်တယ် ၊ Kenbo 125ဆိုင်ကယ် အသစ်(၃)စီးကိုလဲ တွေ့ခဲ့တယ် ၊ လင်မယားနှစ်ယောက်ရဲ့ဆိုင်ကယ်က အဲ့ဆိုင်ကယ်တွေထဲက တစ်စီးဖြစ်နိုင်တယ်”လို့ အရပ်ဝတ်လဲနေတဲ့ စစ်ကောင်စီတပ်သားတွေကို မျက်မြင်တွေ့ရှိသူ တစ်ယောက်က ပြောပါတယ်။

 စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်မှာ မြန်မာစစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာ နိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့် ခိုး၊ဆိုး၊လုနှိုက်စတဲ့ ဒုစရိုက်ကျူးလွန်မှုတွေ တစ်ရက်ထက်တစ်ရက် ပိုမိုများပြား တာကြောင့် ဒေသခံပြည်သူများ စိတ်မလုံခြုံမှုတွေခံစားနေရပါတယ်။

April 25, 2026
ချင်းပြည်နယ် ၊ ဖလမ်းမြို့နယ်မှာ ဧပြီလ ၂၃ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း...
April 24, 2026
ချင်းပြည်နယ်၊ ဖလမ်းမြို့ကို စစ်ကြောင်းထိုးလာနေတဲ့ စစ်ကော်မရှင်တပ်ဖွဲ့တွေနဲ့ ဖလမ်းမြို့နားမှာ...
April 23, 2026
ဇိုဂမ် (Zogam) နယ်မြေအတွင်းကို ဘယ်ပြင်ပအဖွဲ့အစည်းကမှ ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်တာကို...
April 22, 2026
အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်က NCA ကာလတုန်းက မူဟောင်းကြီးကို ပြန်အစဖော်ပြီး CNF အပါအဝင်...