ပင်လုံမြို့အနီး လက်နက်ကိုင်တပ်ဖွဲ့များ ဝင်ရောက်လာ တပ်သားသစ်စုဆောင်းမှာကို ပြည်သူများစိုးရိမ်

ပင်လုံမြို့အနီး လက်နက်ကိုင်တပ်ဖွဲ့များ ဝင်ရောက်လာ တပ်သားသစ်စုဆောင်းမှာကို ပြည်သူများစိုးရိမ်

သျှမ်းပြည်တောင်ပိုင်း ပင်လုံမြို့အနီးဝန်းကျင်တွင် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များ ဝင်ရောက်လာသဖြင့် ပြည်သူများက တပ်သားသစ် စုဆောင်းမည်ကို စိုးရိမ်နေကြောင်း စုံစမ်းသိရသည်။

ဩဂုတ် ၃ ရက် ည ၉ နာရီ ဝန်းကျင်တွင် ပင်လုံမြို့ နှင့် နီးစပ်သည့် ဟိုင်းနန်းကျေးရွာအုပ်စု ဝမ်မိုင်ကျေးရွာထဲတွင် သျှမ်းတိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ တစ်ခုက ဝင်ရောက်လာသဖြင့် ပြည်သူများ မြို့ထဲသို့ ရုတ်တရက်ပြောင်းရွှေ့ ရကြောင်း ပင်လုံမြို့ခံ တစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“စိုးရိမ်တာပေါ့။ သူတို့ လာဖမ်းသွားမှာကို စိုးရိမ်တယ်လေ။ မနေ့က အဲ့ရွာကလူတွေ ကြောက်ကြလို့ပဲ မြို့ထဲမှာ လာအိပ်ကြတာ။ လူငယ်၊ ကလေးတွေ အများကြီးပဲ မြို့ထဲလာနေကြတာ။ ပြီးတော့ ရွာကလူတွေတော်တော်များများ ရွှေ့နေပြီ” ဟု ပင်လုံမြို့ ဒေသခံ အမျိုးသားတစ်ဦးကပြောသည်။

ယမန်နေ့က ပင်လုံမြို့သို့ ဝင်ရောက်လာခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင်သည် ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA ဖြစ်ကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။

“ဟုတ်တယ်။ အဲ့ဘက်ထဲဝင်လာတယ်လို့ကြားတယ်။ ကြောက်ဖို့ကောင်းလိုက်တာ။ ဝင်လာဖမ်းတာမျိုးတော့ မရှိဘူး။ သူတို့ဝင်လာတာက မြို့နဲ့ အရမ်းနီးနေပြီးလေ။ မြို့ထဲလို့တောင်ပြောလို့ရတာပေါ့။ လာတာတော့ SSPP/SSA တပ်ဖွဲ့လို့ပြောတယ်။ သူတို့တပ်ဖွဲ့က အဲ့ဘက်မှာအများကြီးရှိထားတယ်” ဟု ပင်လုံမြို့ ဒေသခံအမျိုးသားတစ်ဦး ကပြောသည်။

လက်ရှိတွင် သျှမ်းတောင် လွိုင်လင်ခရိုင် ပင်လုံမြို့၊ လဲချားမြို့ နှင့် မိုင်းကိုင်မြို့တွင်ရှိ သျှမ်းလက်နက်ကိုင် တပ်ဖွဲ့ ၂ ဖွဲ့မှ တပ်သားသစ် စုဆောင်းနေခြင်းကြောင့် ဒေသခံများက ကျေးရွာမှထွက်ခွာပြီး အိမ်နီးချင်းနိုင်ငံသို့ ထွက်ပြေးနေကြောင်း သိရသည်။

“ အခု လူငယ်တွေအများကြီး ထွက်ပြေးကုန်ကြတယ်။ တားလို့တောင်မရတော့ဘူး။ ကျေးရွာကလူဆိုလည်း မြို့ထဲမှာ သွားနေကြတယ်။ တစ်ချို့ကလည်း ထိုင်းနိုင်ငံဘက်ကို ထွက်သွားကြတယ်။ လူတွေတောင် သိပ်မရှိတော့ဘူး” ဟု လဲချားမြို့နယ်အတွင်း ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

သျှမ်းပြည်တောင်ပိုင်း ပင်လုံမြို့ဘက်တွင် SSPP/SSA တို့က သွားလာလှုပ်ရှားသည့် နေရာဖြစ်ပြီး၊ လဲချားမြို့နယ်ဘက်တွင် (RCSS/SSA) သွားလာလှုပ်ရှားကာ၊ မိုင်းကိုင်ဘက်တွင် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့က ရှိနေကြောင်းသိရသည်။

Most read this week

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...