ကလေးမြို့တောင်ပိုင်းတွင် တိုက်ပွဲပြင်းထန် စကစဘက် ၁၅ ဦးသေဆုံးပြီး ပြည်သူကာကွယ်ရေးဘက်က ၃ ဦး ကျဆုံး

ကလေးမြို့တောင်ပိုင်းတွင် တိုက်ပွဲပြင်းထန် စကစဘက် ၁၅ ဦးသေဆုံးပြီး ပြည်သူကာကွယ်ရေးဘက်က ၃ ဦး ကျဆုံး

စစ်ကိုင်းတိုင်း ကလေးမြို့တောင်ပိုင်း ကလေး-ဂန့်ဂေါလမ်း သာယာကုန်းကျေးရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ သြဂုတ်လ ၃ ရက်နှင့် ၄ ရက်နေ့တွင် တိုက်ပွဲပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့ကြပြီး စစ်ကောင်စီဘက်က ၁၅ ဦးသေဆုံးပြီး ပြည်သူ့ကာကွယ်ရေးပူပေါင်းတပ်ဖွဲ့ဘက်က ၃ ဦးကျဆုံးခဲ့သည်ဟု သိရသည်။

ကလေးနည်းပညာတက္ကသိုလ်ကျောင်း တောင်ဘက် သာယာကုန်းကျေးရွာတွင် သြဂုတ်လ ၂ ရက်နေ့ကတည်းက တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ကို PDF (Kalay) တပ်ရင်း ၁၊ ၂၊ ၃၊ ၅၊ ၆၊ ၇၊ ၈၊ ၁၂ တို့နှင့်အတူ ပ.က.ဖ (ကလေး)၊ CNDF၊ CDF-KKG၊ RKDF ပူးပေါင်းတပ်ဖွဲ့က ယမန်နေ့ သြဂုတ်လ ၃ ရက်နေ့ ညနေ ၅ နာရီခန့်က သွားရောက်တိုက်ခိုက်ခဲ့ကြသည်။

ယနေ့ သြဂုတ်လ ၄ ရက်နေ့တွင်လည်း နံနက်ပိုင်း ၉ နာရီဝန်းကျင်ခန့်ကစ၍ တနေကုန်နီးပါး တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ကြပြီး ၂ ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၁၅ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့သည်ဟု PDF (Kalay) က ထုတ်ပြန်သည်။

အဆိုပါတိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဘက်က PDF (Kalay) တပ်ဖွဲ့ဝင်တစ်ဦး၊ ပ.က.ဖ တပ်ဖွဲ့ဝင် ၂ ဦး စုစုပေါင်း ၃ ဦး ကျဆုံးခဲ့ပြီး PDF (Kalay) တပ်ဖွဲ့ဝင် ၁၀ ဦး၊ CNDF-Vakok တပ်ဖွဲ့ဝင် ၂ ဦး၊ ပ.က.ဖ တပ်ဖွဲ့ဝင် ၄ ဦးနှင့် RKDF တပ်ဖွဲ့ဝင်တစ်ဦး စုစုပေါင်း ၁၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု PDF (Kalay) က ထုတ်ပြန်သည်။

စစ်ကောင်စီတပ်ဖွဲ့သည် ယနေ့ညနေပိုင်းတွင် သာယာကုန်းကျေးရွာအတွင်းရှိ နေအိမ်အချို့ကိုလည်း မီးရှို့ဖျက်စီးခဲ့သည် ဟုသိရသည်။

ကလေးမြို့နယ် တောင်ပိုင်းဒေသတွင် တိုက်ပွဲပြင်းထန်လျှက်ရှိသည့် တချိန်တည်းတွင် ကလေးမြို့နယ်မြောက်ပိုင်း တမူးမြို့မှ ကလေးဘက်သို့ ဦးတည်မောင်းနှင်လာသော စစ်ကား ၁၄ စီးနှင့် အင်အား ၆၀ ခန့်ဖြင့် ရှေ့ပြေးမိုင်းရှင်းရန် ခြေလျှင်ဖြင့်လျှောက်လာသော စစ်ကောင်စီတပ်ဖွဲ့ကို နံနက်ပိုင်း ၁၁ နာရီခန့်တွင် ၅၅ မိုင်နှင့် ရာဇဂြိုလ်ရေလှောင်တမံလမ်းအကြား သုံးလောင်းကွေ့အနီးတွင် PDF (Kalay) တပ်ဖွဲ့များက မိုင်း ၁၂ လုံးဖြင့် ဆက်တိုက်ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား ၂၀ ဦးခန့် နေရာတွင်သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့သည်ဟု PDF (Kalay) ကထုတ်ပြန်သည်။

မိုင်းဆွဲတိုက်ခိုက်ခံရပြီး အထိနာနေသော စစ်ကောင်စီတပ်ဖွဲ့သည် ၅၅ မိုင်ရွာအတွင်းမှ အပြစ်မဲ့ပြည်သူအချိူ့ကို ဖမ်းဆီးထားပြီး ညနေပိုင်း ၆ နာရီခန့်တွင်လည်း ရာဇဂြိုလ်ရွာအတွင်းသို့ လက်နက်ကြီးများ အဆက်မပြတ်ပစ်ခတ်၍ တိုက်ပွဲများလည်း ဖြစ်ပွားလျှက်ရှိကာ ထိခိုက်သေဆုံးမှုအခြေအနေအသေးစိတ်ကိုမူ မသိရှိရကြောင်း PDF (Kalay) ထုတ်ပြန်သည်။

Most read this week

December 10, 2025
စစ်အာဏာရှင်တော်လှန်ရေး ငါးနှစ်နီးပါး ရှိလာချိန်တွင် ချင်းလူမှုအသိုင်းအဝိုင်းကြား လူ့အခွင့်အရေး၊...
December 9, 2025
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့ကို ယနေ့မှာ စစ်ကော်မရှင်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု...
Photo credit - social media
December 8, 2025
ရန်ကုန်မြို့တွင်နေထိုင်သော ချင်းဓမ္မအမှုတော်ဆောင်တစ်ဦးဖြစ်သူ ဆရာ Pau Muan Lian သည်...
December 4, 2025
စစ်ကော်မရှင်က လာမည့် ဒီဇင်ဘာလ ၂၈ ရက်နေ့ကစ၍ အပိုင်းလိုက်ကျင်းပရန် စီစဉ်နေသည့် ရွေးကောက်ပွဲအတွက်...