ဟားခါး-ထန်တလန်ကြား သီမြစ်ချောင်းအနီးတွင် စစ်ကောင်စီတပ်နှင့် ချင်းပူးပေါင်းကာကွယ်ရေးတပ်ဖွဲ့များ တိုက်ပွဲပြင်းထန်နေ

ဟားခါး-ထန်တလန်ကြား သီမြစ်ချောင်းအနီးတွင် စစ်ကောင်စီတပ်နှင့် ချင်းပူးပေါင်းကာကွယ်ရေးတပ်ဖွဲ့များ တိုက်ပွဲပြင်းထန်နေ

ချင်းပြည်နယ်ဟားခါးမြို့မှ ထန်တလန်မြို့ကိုသွားသည့် သီမြစ်ချောင်းအနီးတဝိုက်တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ချင်းဒေသ ပူးပေါင်းကာကွယ်ရေးတပ်ဖွဲ့တို့ ဇူလိုင်လ ၃၀ ရက်နေ့ကစ၍ ယနေ့ထိ တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီတပ်ဖွဲ့ဘက်က လက်နက်ကြီးနှင့် အကြိမ်ကြိမ် ပစ်ခတ်နေသည်ဟု သိရသည်။

ဟားခါးမြို့အခြေစိုက် စစ်ကောင်စီတပ်ဖွဲ့သည် ဇူလိုင်လ ၂၇ ရက်နေ့က ဟားခါးမြို့မှ ၇ မိုင်ခန့်ကွာဝေးသော ဟားခါး-ထန်တလန်ကြား သီမြစ်ချောင်းဖက်တွင် တပ်အင်အားဖြည့်တင်းကာ စစ်ရေးလှုပ်ရှားလာပြီးနောက် ဇူလိုင် ၃၀ ရက်နေ့ကစ၍ ချင်းအမျိုးသားတပ်မတော် CNA၊ CDF-Zophei,CDF-Hakha,CDF-Thantlang စသည့် ချင်းပူးပေါင်းကာကွယ်တပ်ဖွဲ့တွေနှင့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အဆိုပါတိုက်ပွဲတွင် ဟားခါးမြို့ ရုန်းတောင်တွင်တပ်စွဲထားသော ၂၆၆ တပ်ရင်းနှင့် လွတ်လပ်ရေးကျောက်တိုင်ကနေလည်း လက်နက်ကြီးများဖြင့် တောက်လျှောက်ပစ်ကူနေပြီး လက်နက်ကြီးပေါက်ကွဲသံ အကြိမ်ကြိမ်ကြားခဲ့ရသည်ဟု ဟားခါးမြို့ခံတစ်ဦးက ပြောသည်။

“၃၀ ရက်နေ့ကနေစဖြစ်တာ ဒီနေ့လည်းဖြစ်တယ် မနေ့ကဆိုရင် ဟားခါးကနေ လက်နက်ကြီးနဲ့ အချက်သုံးဆယ်လောက် ပေါက်ကွဲတယ် စကစဖက်တွေက ဖောက်တာ၊ တော်တော်လေး လက်နက်ကြီးတွေတော့သုံးတယ်၊ ဒီနေ့လည်း ခြောက်ကြိမ်လောက်ကွဲတယ်” ဟု ဟားခါးမြို့ခံတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့နှင့် ချင်းပူပေါင်းကာကွယ်ရေးတပ်ဖွဲ့တို့သည်  သြဂုတ်လ ၁ ရက်နေ့ မွန်းလွဲပိုင်း ၂ နာရီခွဲမှ ည ၈ နာရီအထိ တနေကုန်နီး တိုက်ပွဲပြင်းထန်ခဲ့ပြီး သြဂုတ်လ ၂ ရက်နေ့တွင်လည်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားခဲ့သည်။

အဆိုပါတိုက်ပွဲကြောင့် စစ်ကောင်စီတပ်ဖွဲ့ဘက်က အကျအဆုံးရှိခဲ့သည်ဟု သိရသော်လည်း အတည်ပြုနိုင်ခြင်းမရှိသေးပေ။

ယနေ့ မွန်းလွဲပိုင်း ၃ နာရီကျော်ကျော်ခန့်ကလည်း ဟားခါးမြို့ ပြည်တော်သာရပ်ကွက်ရှိ မြို့မရဲစခန်းဘက်တွင် သေနတ်ပစ်ခတ်သံများ ထွက်ပေါ်ခဲ့ပြီး အသေးစိတ်အခြေကိုမူ မသိရသေးပေ။

စစ်ကောင်စီတပ်ဖွဲ့သည် သီမြစ်အနီးတဝိုက်တွင် အခြေချနိုင်ရန် တပ်အင်အားဖြည့်တင်းမှုများရှိနေသည့်အတွက် မိဘပြည်သူများအနေဖြင့် ယခုရက်ပိုင်းအတွင်း ဟားခါးနှင့် ထန်တလန်ကြားတွင် ခရီးသွားလာခြင်းမပြုကြရန် CDF-Zophei တပ်ဖွဲ့က သတိပေးထုတ်ပြန်ထားသည်။

Most read this week

February 16, 2026
မြန်မာနိုင်ငံဘက်သို့ ကုန်စ္စည်းများပို့ဆောင်သည့် မီဇိုရမ်ပြည်နယ် လောင်တလိုင်မြို့က...
February 13, 2026
ချင်းပြည်နယ်မြောက်ပိုင်၊ ဖလမ်းမြို့နယ်ထဲကို စစ်ကြောင်းထိုးလာနေသော စစ်ကော်မရှင်တပ်များကို WITCH...
February 12, 2026
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်အတွင်း PDF-Zoland က ဘိန်းစိုက်ခင်းတွင်...
February 11, 2026
ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ အာရက္ခတပ်တော် (ULA/ AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်နှင့်...