ကိုဂျင်မီနှင့် ကိုဖြိုးဇေယျာသော်အပါအဝင် ၄ ဦးအား သေဒဏ်စီရင်မှု ချင်းအတိုင်ပင်ခံကောင်စီက ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချ

ကိုဂျင်မီနှင့် ကိုဖြိုးဇေယျာသော်အပါအဝင် ၄ ဦးအား သေဒဏ်စီရင်မှု ချင်းအတိုင်ပင်ခံကောင်စီက ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချ

ကိုဂျင်မီနှင့် ကိုဖြိုးဇေယျာသော်အပါအဝင် ၄ ဦးကို စစ်ကောင်စီက သေဒဏ်စီရင်လိုက်သည့်အပေါ် ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) က ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချလိုက်သည်။

ယင်းလုပ်ရပ်သည် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ပြီး ဖက်ဒရယ်ဒီမိုကရေစီစနစ်ကိုလိုလားကြသည့်ပြည်သူများ၏ ဆန္ဒသဘောထားကို လုံးဝမျက်ကွယ်ပြုငြင်း ပယ်လိုက်ခြင်းဖြစ်သည်သာမက၊ စစ်ကောင်စီအနေဖြင့် နိုင်ငံတွင်း ဖြစ်ပေါ်နေသည့် အထွေထွေနိုင်ငံရေးအခြေအနေကို တရားမျှတစွာဖြေရှင်းလိုစိတ်မရှိဘဲ ရက်စက်ယုတ်မာစွာ ဖိနှိပ်ဖြေရှင်းရန်သာဆန္ဒရှိကြောင်း ထပ်မံ၍ အတိအလင်း ဖော်ပြနေခြင်းပင်ဖြစ်သည်ဟု ဇူလိုင် ၂၅ ရက်နေ့တွင် ထုတ်ပြန်ပြောဆိုခဲ့သည်။

“စစ်ကောင်စီ၏ ယခုလုပ်ရပ်အပေါ် မိမိတို့ကောင်စီအနေဖြင့် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်းနှင့် ယခုကဲ့သို့ ပြုမူဆောင်ရွက်ခြင်းအားဖြင့် မိမိတို့ ချင်းလူမျိုးများအပါအဝင် မြန်မာနိုင်ငံသူနိုင်ငံသားများ၏ စစ်ကောင်စီအပေါ် ဆန့်ကျင်တော်လှန်လိုစိတ် ပိုမိုနက်ရှိုင်း ကျယ်ပြန့်လာဖို့သာရှိပြီး ရှေ့ဆက် မြန်မာနိုင်ငံ၏အခြေအနေသည် ပိုမိုဆိုးရွားလာဖို့သာရှိကြောင်း" ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဦးကျော်မင်းယု (ခေါ်) ကိုဂျင်မီ၊ ဦးဖြိုးဇေယျာသော်၊ ဦးလှမျိုးအောင်နှင့် ဦးအောင်သူရဇော်တို့ လေးဦးကို ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီပြစ်ဒဏ်စီရင်ဆောင်ရွက်ပြီးစီးကြောင်း စစ်ကောင်စီဝါဒဖြန့် မြန်မာ့အလင်းနှင့် ကြေးမုံသတင်းစာတို့တွင် ဇူလိုင်လ ၂၅ ရက်နေ့တွင် ဖော်ပြခဲ့သည်။

စစ်ကောင်စီက ၎င်းတို့ ၄ ဦးကို မည်သည့်နေ့ရက်က သေဒဏ်စီရင်ပြီးစီးကြောင်း အတိအကျ ဖော်ပြခြင်းမရှိသည့်အပြင် သေဆုံးသူများ၏ ရုပ်အလောင်း၊ အရိုးပြာများလည်း မိသားစုဝင်များထံ ပေးအပ်ခြင်းမရှိခဲ့ပေ။

အဆိုပါ သေဒဏ်စီရင်မှုသတင်းကြောင့် ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီအနေဖြင့် များစွာတုန်လှုပ်မိပြီး အထူးသဖြင့် သက်ဆိုင်ရာပုဂ္ဂိုလ်များ၏ ကျန်ရစ်သူမိသားစုဝင်များ၊ မိဘဆွေမျိုးများနှင့်ထပ်တူ များစွာ ဝမ်းနည်းကြေကွဲရသည်ဟု ICNCC က ဖော်ပြသည်။

“ဦးကျော်မင်းယု (ခေါ်) ကိုဂျင်မီ၊ ဦးဖြိုးဇေယျာသော်၊ ဦးလှမျိုးအောင်နှင့် ဦးအောင်သူရဇော်တို့အပါအဝင် နွေဦးတော်လှန်ရေးကာလအတွင်း ပြည်သူ့လွတ်မြောက်ရေးအတွက် အသက်ပေးစွန့်လွှတ်ခဲ့ကြသူများအားလုံးကို အလေးနီပြုလိုက်သည်။” ဟု ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီက ထုတ်ပြန်ထားသည်။

Most read this week

February 16, 2026
မြန်မာနိုင်ငံဘက်သို့ ကုန်စ္စည်းများပို့ဆောင်သည့် မီဇိုရမ်ပြည်နယ် လောင်တလိုင်မြို့က...
February 13, 2026
ချင်းပြည်နယ်မြောက်ပိုင်၊ ဖလမ်းမြို့နယ်ထဲကို စစ်ကြောင်းထိုးလာနေသော စစ်ကော်မရှင်တပ်များကို WITCH...
February 12, 2026
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်အတွင်း PDF-Zoland က ဘိန်းစိုက်ခင်းတွင်...
February 11, 2026
ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ အာရက္ခတပ်တော် (ULA/ AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်နှင့်...