သျှမ်းရှေ့ တောတောင်ပြုန်းတီးမှုတွေကြောင့် ရေကြီးရေလျှံမှုတွေ ပိုများလာ

သျှမ်းရှေ့ တောတောင်ပြုန်းတီးမှုတွေကြောင့် ရေကြီးရေလျှံမှုတွေ ပိုများလာ

သျှမ်းပြည် အရှေ့ပိုင်း တွင် တောတောင်ပြုန်းတီးမှုများကြောင့် ရေကြီးရေလျှံမှုများ ယခင်ကထက် ပိုများလာ ကြောင်းသိရသည်။

ယခုရက်ပိုင်း မိုးဆက်တိုက် ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပွားကာ မိုင်းယောင်းမြို့နယ်၊ မိုင်းဖြတ်မြို့နယ် အတွင်းရှိ သီးနှံစိုက်ခင်းများ လမ်းတံတားများ ပျက်စီးမှု ဖြစ်ပေါ်နေကြောင်း ဒေသခံများက သျှမ်းသံတော်ဆင့် ကိုပြောသည်။

ပြီးခဲ့သည့် ဇူလိုင် ၉ ရက်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မိုင်းယောင်းမြို့နယ် မုန်းလိုက်ကျေးရွာအုပ်စု ရှေခင်ကျေးရွာရှိ ရှေခင်တံတား ကျိုးကျပျက်စီးခဲ့ပြီး လက်ရှိတွင် ယာယီဖြတ်သန်းသွားလာနိုင်ရေးအတွက် ယာယီတံတားတစ်စင်း စီစဥ်နေကြောင်း မိုင်းယောင်းဒေသခံအမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အဓိကတော့ တောင်ကျရေများလို့ အဲ့ချောင်းအတိုင်းစီးလာတဲ့ ရေတွေလည်း လျှံတက်လာပြီး တံတားလည်း ပျက်စီးသွားတယ်၊ အခုတော့ ယာယီသွားလာလို့ရအောင် ယာယီတံတားထိုးထားရတယ်” ဟု ၎င်းက ပြောသည်။

ယင်းကဲ့သို့ တောင်ကျရေများပြားမှုနှင့် ချောင်းရေလျှံမှုကြောင့် အရှည် ၁၅၀ ပေ၊ အကျယ် ၉ ပေရှိသည့် မုန်းလိုက် ကျေးရွာအုပ်စု၊ ရှေခင်ကျေးရွာအဝင် သံဘောင်တံတားသည် အရှည်ပေ ၄၀ ပြိုကျပျက်စီးခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

ထို့အပြင် သျှမ်းရှေ့ မိုင်းဖြတ်မြို့နယ်အတွင်း တွင်လည်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် နမ့်ဖတ်ချောင်း ရေကြီးရေလျှံဖြစ်ပြီး ရေတိုက်စားမှုကြောင့် နန်ပန်ကျေးရွာ ရှိ စိုက်ပျိုးမြေတချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

“မိုးသည်းထန်စွာ ရွာလို့ နမ့်ဖတ်ချောင်း ရေကြီးတာပါ၊ အဲ့ကြောင့် လယ်ဧက ၂၀ လောက်က ရေလွှမ်း သွားတယ်၊ ပိုင်ရှင်လယ်သမားကတော့ ၇ ဦးဖြစ်ပါတယ်၊ နမ့်ဖတ်ရွာခံ နဲ့ နမ့်ပန်ရွာခံတွေ ဖြစ်တယ်” ဟု မိုင်းဖြတ်မြို့နယ် ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထို သီးနှံစိုက်ခင်းများ လမ်းတံတားများ ပျက်စီးရသည်အထိ ရေကြီးရေလျှံဖြစ်ပွားမှုနှင့် ပတ်သက်ပြီး ရှမ်းပြည်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့မှ ပညာရှင်တစ်ဦး က သစ်တောပြုန်းတီးမှုများကြောင့် ဖြစ်ပေါ်နေခြင်းဖြစ်ကြောင်း မှတ်ချက်ပြုလိုက်သည်။

“အဓိကကတော့ ချောင်းရေတိမ်တာရယ်၊ သစ်တောပြုန်းတီးတာရယ်ကြောင့်မို့ ဖြစ်တယ်လို့ ကျနော်ထင်မြင်မိပါတယ်၊ ဘာဖြစ်လို့လဲဆိုရင် ဒီဒေသမှာ သစ်တောခုတ်နေပေမဲ့ အသစ်ပြန်မစိုက်ဘူး၊ ဒါကြောင့်မို့ မြေပြင်က ရေစုပ်အားမကောင်းတော့ တောင်ကျချောင်းရေတွေ ပိုများလာတာပေါ့” ဟု ၎င်းက ပြောသည်။

ထို့အပြင် လက်ရှိ သျှမ်းပြည်အရှေ့ပိုင်း မိုင်းယောင်း နှင့် မိုင်းဖြတ်ဒေသအတွင်းတွင် သစ်တောသစ်ပင် အသစ်များ ပြန်လည် စိုက်ပျိုးပြုပြင်သင့်ကြောင်းလည်း ရှမ်းပြည်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့က တိုက်တွန်းပြောဆိုလိုက်သည်။

သျှမ်းရှေ့ တွင် ရွှေတူးဖော်မှု၊ သတ္တုတူးဖော်မှု နှင့် ကျောက်မီးသွေး တူးဖော်မှုကို အကြီးအကဲလုပ်ဆာင်နေသည့် ဒေသဖြစ်သည်။

May 7, 2026
စိုင်းဟန်လင်း — သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင်...
May 6, 2026
စိုင်းဆိုင်အိုက် — မိုင်းပန်မြို့နယ် တောထဲတွင် တရုတ်နိုင်ငံသား အွန်လိုင်းလိမ်လည်သူ ကျားဖြန့်သမား...
May 5, 2026
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့သို့ အလုပ်သွားလုပ်မည့် ပြည်မဘက်မှ ခရီးသွားအမျိုးသမီးများကို...
May 4, 2026
စိုင်းခွမ်မိန်း — သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး...