ရန်ကုန်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး တက်ကြွလှုပ်ရှားသူ အများအပြား ဖမ်းဆီးခံထားရပြီး အထူးဂရုပြုနေထိုင်ရန် အသိပေးထုတ်ပြန်

ရန်ကုန်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး တက်ကြွလှုပ်ရှားသူ အများအပြား ဖမ်းဆီးခံထားရပြီး အထူးဂရုပြုနေထိုင်ရန် အသိပေးထုတ်ပြန်
ဓာတ်ပုံ - လူငယ့်ခေတ်
ဓာတ်ပုံ - လူငယ့်ခေတ်

ရန်ကုန်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး တက်ကြွလှုပ်ရှားသူ အများအပြား ဖမ်းဆီးခံထားရ၍ မြေပြင်သပိတ်လှုပ်ရှားသူများ အထူးဂရုပြုနေထိုင်ကြရန် ရန်ကုန်ရှိ သပိတ်ကော်မတီများက သတိပေးထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်သည် ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ် အများစု၏ ရပ်ကွက်များကို ဇွန်လ ၁၃ ရက်နေ့ ညပိုင်းက အင်အားအလုံးအရင်းဖြင့် ဝင်ရောက်၍ ဧည့်စာရင်းစစ်ဆေးခြင်း၊ သော့ဖျက်ဝင်ရောက်ခြင်းများပြုလုပ်ကာ ဖမ်းဆီးမှုများ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

“လူစစ်နေဆဲပဲ။ လက်ရှိ သိထားရသလောက် အယောက် ၃၀ လောက် ဖမ်းဆီး ခံလိုက်ရတယ်ဆိုပြီး သိရတယ်။ ဗကသ ရဲဘော်တွေ ပါ၊ မပါတော့ မသိရသေးဘူး” ဟု ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဗဟိုအမှုဆောင်တစ်ဦးက မဇ္ဈိမကို ပြောသည်။

ရန်ကုန်တွင် လက်ရှိဖမ်းဆီးခံထားရသည့် သပိတ်လှုပ်ရှားသူများ၏ အရေအတွက် အတိအကျကို သိရှိနိုင်ရန် မြေပြင်သပိတ်လှုပ်ရှားမှု ပြုလုပ်နေသည့် အဖွဲ့များက ဆက်လက်စုံစမ်းမှုများ ပြုလုပ်နေကြောင်း သိရသည်။

“ညက တောင်ဥက္ကလာထဲလည်း ရှာတယ်။ ဘာကိုရှာမှန်းတော့မသိဘူး။ ဖမ်းခံရတာတော့ မရှိဘူး။ ကျွန်တော့်ရဲဘော်တွေနဲ့ ပုဂ္ဂိုလ်ရေး သပ်သပ်ရင်းနှီးသူတစ်ချို့ ဖမ်းဆီးခံလိုက်ရတာမျိုးတော့ရှိတယ်” ဟု တောင်ဥက္ကလာမြို့နယ်မှ မြေပြင်သပိတ် လှုပ်ရှားသူ တစ်ဦးက ပြောသည်။

စစ်အာဏာရှင် ဆန့်ကျင်ရေး တက်ကြွလှုပ်ရှားသူ အများအပြား ဖမ်းဆီးခံရပြီးနောက် ရန်ကုန်မြို့အတွင်း မြေပြင်သပိတ်လှုပ်ရှားနေသည့် သပိတ်ရဲဘော်များအနေဖြင့် မိမိတို့၏ ရဲဘော်ရဲဘက်အချင်းချင်း အပြန်အလှန် သတင်းရ၊မရ စိစစ်ကြရန်၊ ချိတ်ဆက်မှုရှိပါက နေရာရွေ့ပြောင်းကြရန်နှင့် မိဘပြည်သူများအ‌နေဖြင့် ဝိုင်းဝန်းကူညီ စောင့်ရှောက်ပေးကြရန် သပိတ်ကော်မတီများက အသိပေးထုတ်ပြန်ထားသည်။

စစ်ကောင်စီ၏ အသွင်ယူဖမ်းဆီးခြင်းနှင့် အင်အားသုံး ဖမ်းဆီးမှုများ ရှိနေသာ်လည်း မြေပြင်သပိတ်တိုက်ပွဲများ ဆက်လက်ရှိနေမည်ဟု ရန်ကုန်ရှိ မြေပြင်သပိတ် လှုပ်ရှားသူ တစ်ဦးက ဆိုသည်။

“လုံခြုံရေးနှင့် လျှို့ဝှက်ရေးကိုစနစ်တကျ လိုက်နာကျင့်သုံးပြီး စစ်အာဏာရှင်စနစ်ရဲ့ အဓိကဒေါက်တိုင်တွေဖြစ်တဲ့ စစ်သုံးစစ် အမြစ်ပြတ်သည်အထိ ဆက်လက်တွန်းလှန် တိုက်ပွဲဝင်သွားမှာပါ။ မြေပြင်သပိတ်တိုက်ပွဲတွေက ဆက်ရှိနေပါမယ်။ စစ်ကောင်စီ အနေနဲ့ ကျွန်တော်တို့ရဲ့‌တော်လှန်စိတ်ကို ဘယ်လိုနည်းနဲ့မှ ဟန့်တားနိုင်မှာ မဟုတ်ပါဘူး” ဟု ၎င်းက ပြောသည်။

စစ်ကောင်စီတပ်သည် ရန်ကုန် သပိတ်လှုပ်ရှားသူများကို လုံခြုံရေးအင်အား အများအပြားနှင့် ထိန်းချုပ်ရန် ကြိုးစားနေပြီး နည်းအမျိုးမျိုးဖြင့် ဖမ်းဆီးမှုများ ဆက်တိုက် ပြုလုပ်လျက်ရှိနေသည်။

စစ်ကောင်စီက ထိုသို့ လုပ်ဆောင်လျက်ရှိသော်လည်း ရန်ကုန်မြို့တွင် စစ်အာဏာရှင်ဆန့်ကျင်သူပြည်သူများ၊ ကျောင်းသားသမဂ္ဂများနှင့် မြို့နယ်အသီးသီးမှ သပိတ်ကော်မတီများက စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုများကို အရှိန်အဟုန်နှင့် ပြုလုပ်နေဆဲဖြစ်သည်။

March 14, 2026
စစ်ကော်မရှင်က ၂၀၂၆ ခုနှစ် မတ်လ ၁ ရက်မှ ၁၀ ရက်အတွင်း  ညောင်လေးပင်မြို့နယ်၌ ကျူးလွန်ခဲ့သည့်...
March 13, 2026
ပါခွီး — ပဲခူးတိုင်း ၊ တောင်ငူမြို့ အခြေစိုက် ကေတုမတီလေတပ်ကို ရှော့တိုက်ဒုံး ၁၈လုံးဖြင့် ပစ်ခတ်...
March 12, 2026
အိန္ဒိယ - မြန်မာ ကုန်သွယ်မှုပြုလုပ်မည့် ကုလားတန်ဘက်စုံသုံးသယ်ယူပို့ဆောင်ရေး စီမံကိန်း (Kaladan...
March 11, 2026
မောင်ခက်နွေ — အာဏာသိမ်းမြန်မာစစ်တပ်၏ ဝင်ငွေအရင်းအမြစ်ဖြစ်သည့် ပုလဲလုပ်ငန်းတွင် ပါဝင်ပတ်သက်နေသော...