မွန်ပြည်နယ်မှာ စစ်တပ် အာဏာသိမ်းတဲ့ တစ်နှစ်ကျော်ကာလအတွင်းမှာ ဆောက်လုပ်ရေး လုပ်ငန်း ၇၀ ရာခိုင်နှုန်းကျော် ရပ်နားလာရတယ်လို့ ဆောက်လုပ်ရေး လုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ဆောက်လုပ်ရေး လုပ်ငန်းတွေဟာ စစ်တပ် အာဏာသိမ်းတဲ့ကာလအတွင်း မြန်မာငွေ တန်ဖိုး ကျဆင်းပြီး ဒေါ်လာဈေးနှုန်း မြင့်တက်လာတာ၊ ဆောက်လုပ်ရေးသုံး ကုန်ကြမ်းပစ္စည်းတွေ ဈေးနှုန်းအဆမတန် မြင့်တက်လာတာ၊ စက်သုံးဆီ ဈေးနှုန်း အပါအဝင် အထွေထွေကုန်ကျစရိတ် ကြီးမြင့်လာတာကြောင့် အရှုံးနဲ့ ရင်ဆိုင်နေရတာပါ။
အရှုံးနဲ့ရင်ဆိုင်နေရတဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေဟာ အခုအခါမှာတော့ လုပ်ငန်းအများစု ရပ်နားလာကြတာ ဖြစ်ပြီး ဆောက်လုပ်ငန်းရေး လုပ်ငန်းကြီး အနည်းငယ်လောက်သာ အလုပ်လုပ်ကိုင်နိုင်တော့တယ်လို့ ဆောက်လုပ်ရေး လုပ်ငန်းရှင် တစ်ဦးက ပြောပါတယ်။
“ကျွန်တော်က ဆောက်လုပ်ရေးကို ရပ်ထားတယ်၊ ရှုံးတယ် ခင်ဗျ၊ မကိုက်ဘူးလေ ဈေးနှုန်းတွေနဲ့၊ ကျွန်တော်တို့ ကုမ္ပဏီကတော့ အားလုံးက အပြင်က ကြီးပဲ ဖြစ်နေတယ်၊ ငှားပြီးတော့ သုံးနေရတော့ မကိုက်ဘူး၊ အများစုကတော့ ရပ်လိုက်ကြတာ၊ ရပ်ထားတာ (၇၀)လောက်တော့ ရပ်သွားကြပြီးပေါ့၊ တချို့တွေ လုပ်ထားတာ နည်းနည်းပါးပါးပဲ လုပ်နေကြတယ်၊ အဆောက်အဦး ဆိုရင် ရပ်တာ များတယ်၊ လုပ်ငန်းကြီး သမားတွေ ကြတော့လည်း အလုပ်သမားတွေ ရှိနေတာကို အလုပ်သမား အများကြီး ကျတော့လည်း ရပ်ဖို့က မလွယ်ဘူးလေ”လို့ ဆိုပါတယ်။
ဒါ့အပြင် ဆက်လက်လုပ်ကိုင်နေတဲ့ ဆောက်လုပ်ရေး လုပ်ငန်းကြီးတွေကလည်း ချုပ်ဆိုထားနိုင်တဲ့ စာချုပ်တွေအရ မဖြစ်မနေ ဆောင်ရွက်နေရတာ ဖြစ်ပြီး လုပ်ငန်းတွေ ပြီးစီးရင်း ရပ်နားလာဖို့ ရှိနေတယ်လို့ ဆိုပါတယ်။
တဖက်မှာတော့ ဆောက်လုပ်ငန်းရေး လုပ်ငန်းတွဟာ စစ်ကောင်စီ လက်အောက်ခံ ဌာနဆိုင်ရာတွေက ခေါ်ယူနေတဲ့ တင်ဒါ လုပ်ငန်းတွေမှာလည်း တွက်ခြေမကိုက်တော့လို့ လုပ်ငန်း ဆောင်ရွက်နိုင်ခြင်း မရှိတော့သလို တချို့လုပ်ငန်းတွေက အပြီးပိုင်ရပ်နားရမယ့် အခြေအနေနဲ့ပါ ရင်ဆိုင်နေရတာပါ။
မွန်ပြည်နယ်မှာတော့ ဆောက်လုပ်ရေး လုပ်ငန်းကို မှီခို လုပ်ကိုင်နေကြတဲ့ အလုပ်သမား သောင်းနဲ့ချီ ရှိနေတာ ဖြစ်ပြီး ဆောက်လုပ်ရေး လုပ်ငန်းတွေ ရပ်နားလာတဲ့အတွက်ကြောင့် မိသားစု စားဝတ်နေရေး အခက်အခဲကို အကြီးအကျယ် ရင်ဆိုင်နေရပါတယ်။







