အလှူရှင်များလာရောက်လှူဒါန်းမှုနည်းပါးမှုနှင့် စစ်ကောင်စီ၏ မဖြစ်စလောက်ထောက်ပံ့မှုတို့ကြောင့် ရခိုင်ပြည်အတွင်းရှိ စစ်ဘေးရှောင်များမှာ စားနပ်ရိက္ခာပြတ်လပ်မှုများနှင့်ရင်ဆိုင်နေရပြီး အရေးပေါ်အကူအညီများလိုအပ်နေကြသည်။
လူဦးရေ ၂၀၀ နီးပါး ခိုလှုံနေသည့် မင်းပြားမြို့နယ်၊ ဖုန်သာချောင်းကျေးရွာအုပ်စု၊ ဝါးတောင်စစ်ဘေးရှောင်စခန်းမှာလည်း စားနပ်ရိက္ခာအခက်အခဲရှိနေကြသည်။ အဆိုပါဒေသသည် ရေလမ်းခရီးတစ်ခုတည်းကို အားကိုး၍ သွားလာရသဖြင့် အလှူရှင်များလာရောက်ထောက်ပံ့မှုနည်းပါးသည်။
ထို့ကြောင့် စစ်ကောင်စီကထောက်ပံ့သည့် ဆန်တစ်ခုတည်းကိုသာ အားကိုးနေရပြီး စစ်ကောင်စီလက်အောက်ခံ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ လူတစ်ဦးကို ဆန်တစ်ဗူးသာ ထောက်ပံ့သောကြောင့် ထမင်းမဝကြဟု ဝါးတောင်စစ်ဘေးရှောင်စခန်းတာဝန်ခံ ဒေါ်မယဉ်ဦးက DMG သို့ပြောသည်။
"လွန်ခဲ့တဲ့လပိုင်းကဆိုရင် လူကယ်ပြန်ကဆန်မရောက်လို့ ထမင်းကိုတောင် ဝလင်အောင်မစားရဘဲ အခက်အခဲတွေ အလူးအလဲခံလိုက်ရတယ်။ ငါးလပိုင်းကုန်မှ လူကယ်ပြန်က ဆန်ရောက်တယ်။ တယောက်ကို ဆန်တဗူးနှုန်းနဲ့ပေးတော့ ဒီကလူတွေက အလုပ်ကြမ်းတွေလုပ်နေသူတွေ မဝကြဘူး။ တခြားမီးဖိုချောင်သုံးပစ္စည်းတွေဆိုရင် မမြင်ဖူးကြသလောက်ပဲ။ ဒေသကခေါင်တော့ တခြားအဖွဲ့အစည်းတွေကလည်း ဘယ်သူမှမရောက်ကြဘူး"ဟု သူမကပြောသည်။
ဝါးတောင်စစ်ဘေးရှောင်စခန်းတွင် ဆန်တခုတည်းကိုသာ အထောက်အပံ့ရရှိပြီး တခြားလိုအပ်သည့် အိမ်သုံးပစ္စည်းများ၊ မီးဖိုချောင်းသုံးပစ္စည်းများကိုမူ လာရောက်လှူဒါန်းသူမရှိ၍ ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ရှာဖွေစားသောက်နေရသည်ဟု ဒုက္ခသည်များက ပြောကြသည်။
အလားတူ လူ ၂၀၀၀ ကျော်ခိုလှုံနေသည့် မြောက်ဦးမြို့နယ်၊ ပီပင်ရင်းစစ်ဘေးရှောင်စခန်းမှ ဒုက္ခသည်များမှာလည်း မေလက ပေးထားသည့် ဆန်ရိက္ခာများပြတ်တောက်နေပြီဖြစ်ကာ ယခုလအတွက် လာရောက်ထောက်ပံ့မှုမရှိသေးသောကြောင့် စိတ်ပူပန်နေရသည်ဟု စခန်းတာဝန်ခံ ဦးမောင်စိန်ကဆိုသည်။
"လူကယ်ပြန်ကပေးတဲ့ ဆန်က ပုံမှန်မလာဘူး။ ကျနော်တို့ဘာသာ ကျနော်တို့အပြင်ထွက်ပြီး ကြုံရာကျပန်း ရှာမစားရင်ငတ်နေတာကြာပြီ။ ဆန်ကပုံလာမလာတဲ့အပြင် ဆန်ရောက်လို့ရှိရင်လည်း မဖူလုံကြဘူး”ဟု ၎င်းကပြောသည်။
စစ်ကောင်စီသည် ဘက်ဂျက်အခြေအနေကြောင့်ဆိုကာ စစ်ဘေးရှောင်များကို ဆန်ထောက်ပံ့မှုရပ်နားထားရာမှ ပြီးခဲ့သည့် မေလမှစတင်ကာ ပြန်လည်ထောက်ပံ့ပေးခဲ့သည်။ သို့ရာတွင် တစ်နပ်စာအတွက် ဆန်တစ်ဗူးသာထောက်ပံ့သောကြောင့် လုံလောက်မှုမရှိဟုဆိုသည်။
ထို့ပြင် WFP မှလည်း တစ်လလျှင် ငွေ ၁၈၀၀၀ ကျပ်(တစ်နေ့တာအတွက် ငွေ ၆၀၀ ကျပ်)သာ ပေးသောကြောင့် လုံလောက်မှုမရှိဟု ကျောက်တော်မြို့နယ်၊ မဟာမြတ်မုနိစစ်ဘေးရှောင်စခန်း ပြန်ကြားရေးတာဝန်ခံ ဦးသန်းအေးကဆိုသည်။
“ကျနော်တို့စစ်ဘေးရှောင်စခန်းဆိုရင် စားဝတ်နေရေးထက် အိမ်တွေဆောက်တာပြီးစီးဖို့ ပိုဦးစားပေးနေရတယ်။ မိုးရာသီရောက်ရင် တက်နေစရာမရှိမှာစိုးရိမ်လို့။ အစားအသောက်ကတော့ ဒီကာလမှာ လူတယောက်ကို ဆန်တဗူးနဲ့ ငွေသုံးရာနဲ့ထမင်းတနပ်စားလို့ ရ/မရကတော့ လူတိုင်းကိုယ်ချင်းစာတတ်မှာပါ”ဟု သူကဆိုသည်။
“ဒီအတိုင်းသာဆက်သွားရင် နောက်နောင်စစ်ဘေးရှောင်တွေ ပိုကျပ်တည်းလာနိုင်တယ်။ ဒါကြောင့် ကျနော် WFP အဖွဲ့ကို တောင်းဆိုချင်တာက စစ်ဘေးရှောင်တွေကို ငွေခြောက်ရာစီမပေးဘဲ စားသောက်ကုန်ပစ္စည်းတွေပဲပေးစေချင်တယ်"ဟု ဦးသန်းအေးက ဆက်ပြောသည်။
မဟာမြတ်မုနိစစ်ဘေးရှောင်စခန်းတွင် ပြီးခဲ့သည့်မေလ ၉ ရက်နေ့က မီးလောင်မှုဖြစ်ပွားခဲ့သဖြင့် နေအိမ် ၄၃၂ ဆောင်ရှိသည့်အနက် နေအိမ် ၂၆၂ ဆောင် မီးလောင်ဆုံးရှုံးသွားသောကြောင့် မိုးသည်းစွာမရွာသွန်းခင် အမိုးအကာအောက်ရောက်ရှိရေးနှင့် စားနပ်ရိက္ခာများအတွက် ပူပန်နေရခြင်းဖြစ်သည်။
လက်ရှိတွင် မိုးရာသီရောက်နေပြီဖြစ်သောကြောင့် နေအိမ်များပျက်စီးနေသည့် စစ်ဘေးရှောင်စခန်းများကို စစ်ကောင်စီနှင့်အရပ်ဖက်အဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့် အမြန်ဆုံးကူညီပေးစေလိုကြောင်း စစ်ဘေးရှောင်များက ပြောကြသည်။
“မိုးရာသီရောက်တော့ ခြင်တွေကိုက်နေပြီ။ ဒါပေမယ့် ဒီလောက်လူဦးရေများတဲ့စခန်းကို ဘယ်ကျန်းမာရေးဌာနကမှလာပြီး ခြင်ထောင်တွေပေးတာမရှိသေးဘူး”ဟု လူသုံးထောင်ကျော်ခိုလှုံနေသည့် ကျောက်တော်မြို့နယ်၊ ညောင်ချောင်းစစ်ဘေးရှောင်စခန်းမှ တာဝန်ခံ ကိုသန်းအေးကဆိုသည်။
စစ်ဘေးရှောင်တစ်ချို့မှာ နယ်မြေဒေသတည်ငြိမ်လာမှုကြောင့် နေရပ်ပြန်သွားကြသော်လည်း တစ်ချို့မှာ ကျေးရွာရှိနေအိမ်များ ပျက်စီးခြင်း၊ ရွာပြိုသွားခြင်းတို့ကြောင့် မပြန်နိုင်ဘဲ စစ်ဘေးရှောင်စခန်းတွင်သာ ခက်ခဲစွာခိုလှုံနေကြရသည်။
"ကျမယောကျာ်းဆိုရင်မျှစ်ချိုးတယ်။ ဝါးခုတ်တယ်။ ပြန်လာရင် လေးသောင်းလောက်ရလာတယ်။ မိသားစုတဲ့ကြားထဲက အဲဒီငွေလေးကို ချွေတာသုံးနေရတယ်။ လင်ဖြစ်သူ တောတောင်သွားရင် မိုင်းအန္တရာယ်ကို စိုးရိမ်နေရတာကတစ်မျိုး၊ ဒါပေမဲ့ အငတ်မခံနိုင်တော့သွားရတာပဲ”ဟု စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးက သူတို့၏ဒုက္ခကို ပြောပြသည်။
စစ်ဘေးရှောင်စခန်းများတွင် ခိုလှုံနေသူများမှာ ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်၊ နှစ်ကုန်ပိုင်းက မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲပြင်းထန်စဉ်ကာလကပင် လာရောက်သူများဖြစ်ကြသည်။ လက်ရှိတွင် တိုက်ပွဲရပ်တန့်နေသော်လည်း အချိန်မရွေး တိုက်ပွဲပြန်လည်ဖြစ်ပွားလာနိုင်သည့်အခြေအနေများကြောင့် ပြည်နယ်တွင်း စစ်ဘေးရှောင်အများစုမှာ နေရပ်မပြန်ကြသေးပေ။







