ချင်းတောင်လမ်းမကြီးဘေးက ပျောက်ဆုံးသွားတဲ့ စားသောက်ဆိုင်များ

ချင်းတောင်လမ်းမကြီးဘေးက ပျောက်ဆုံးသွားတဲ့ စားသောက်ဆိုင်များ

အလုပ်အကိုင်အခွင့်အလမ်းနည်းပါးလွန်းတဲ့ ချင်းပြည်နယ်လိုနေရာမျိုးမှာ ကိုယ်ပိုင် အလုပ်အကိုင်ဖန်တီး လုပ်ကိုင်နိုင်ဖို့ အများစုက နိုင်ငံခြားထွက်ပြီး အချိန်ကာလ ကြာရှည် အလုပ်လုပ်ကိုင်ပြီး ပိုက်ဆံစုကာ မိမိဒေသမှာ မိသားစုစားဝတ်နေရေးအတွက် စီးပွားရေးလုပ်ငန်း တစ်ခုခုကို လုပ်ကိုင်ကြရပါတယ်။

ဒီမိုကရေစီအသွင်ကူးပြောင်းတဲ့ ကာလဖြစ်တုန်း နိုင်ငံခြားမှာအလုပ်လုပ်မလုပ်တော့ပဲ ကိုယ့်နိုင်ငံ၊ ကိုယ့်ဒေသကိုပြန်လာပြီး ဈေးဆိုင်တွေဖွင့် စားသောက်ဆိုင်တွေဖွင့်ပြီး  ကိုယ်ပိုင်စီးပွားလုပ်ကိုင်ခဲ့ ကြတာများပါတယ်။

အခုတော့ ကျနော့်လို အိမ်မက်စိတ်ကူးတွေ ပျက်စီးသွားတဲ့သူတွေ အများကြီးပါလို့ စစ်ကိုင်းတိုင်း ကလေးမြို့နဲ့ ချင်းပြည်နယ်မြောက်ပိုင်းကို အဓိကသွားလာတဲ့ လမ်းမပေါ်မှာ ကော်ဖီနဲ့စပျစ်ဝိုင်ဆိုင် ဖွင့်တဲ့ ကိုဂျင်ပီး(နာမည်လွှဲ)ကပြောပါတယ်။

စစ်ကိုင်းတိုင်း ကလေးမြို့နဲ့ ချင်းပြည်နယ်မြောက်ပိုင်းကို အဓိကသွားလာတဲ့ လမ်းမပေါ်မှာ ကော်ဖီနဲ့စပျစ်ဝိုင်ဆိုင် ဖွင့်တဲ့ ကိုဂျင်ပီး(နာမည်လွှဲ)ဟာ လူထုဗဟိုပြုစီမံကိန်း တစ်နိုင်ငံလုံးအတိုင်းတာနဲ့ ကမ္ဘာ့ဘဏ်ချိတ်ဆက်တဲ့ နေရာမှာ နည်းပညာအကြံပေးလုပ်ကိုင်ခဲ့ရာကနေ ကိုယ်ပိုင်လုပ်ငန်း လုပ်ကိုင်လိုပြီး မိသားစုနဲ့ အေးအေးချမ်းချမ်းနေထိုင်သွားလိုတဲ့ အပြင် ကိုယ့်ဒေသမှာရှိတဲ့ အရာတွေကို ဖွံ့ဖြိုးတိုးတက်စေလိုတဲ့ ရည်ရွယ်ချက်နဲ့ ကိုယ်ပိုင်အလုပ်လုပ်ကိုင်နေတဲ့ လူလတ်ပိုင်းအရွယ် ရှိသူတစ်ဦးဖြစ်ပါတယ်။

ကော်ဖီနဲ့စပျစ်ဝိုင်ဆိုင် ဖွင့်တဲ့ ကိုဂျင်ပီးက “ကိုယ့်မြေကိုယ့်ဒေသမှာ ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာ ကိုယ်ပိုင်စီးပွားရေးလုပ်ပြီးတော့ လူငယ်တွေကို ဘယ်လိုသင်တန်းပေးမလဲ ဆိုင်ဖွင့်ရင်းနဲ့ တဘက်မှာ လူငယ်တွေအတွက် စာအုပ်တွေထားပြီးတော့ လူငယ်တွေအတွက် လိုအပ်တဲ့ NGO တွေနဲ့ ချိတ်ဆက်ပြီးတော့ သင်တန်းဆရာကို အခကြေးပေးစရာမလိုပဲနဲ့ ခေါ်လို့ရတဲ့ ဟာမျိုးကိုခေါ်ပြီးတော့ လူငယ်တွေအတွက် ဖွံ့ဖြိုးရေးလုပ်ငန်းတို့ ကော်ဖီစိုက်ပျိုးရေးသင်တန်းတို့ အဲလိုမျိုးပေးဖို့ မျော်လင့်တာပေါ့ ဆွီဇလန်က အမျိုးသမီးတစ်ယောက်ရှိတယ် ကော်ဖီလုပ်တဲ့သူပေါ့ သူ့ကိုလည်း သင်တန်းပို့ချဖို့ ကိစ္စတွေ ကော်ဖီစိုက်ပျိုးရေး နည်းပညာသင်တန်း ဒေသလူငယ်တွေ သူတို့ဘာသာ လုပ်တတ်အောင် ပြည်မဈေးကွက်ကို ထိုးဖောက်မယ် ဒီမှာခရီးသွားတွေ လာမိတ်ဆက် ရင်း City Mark တို့အထိ တင်လို့ရင်အောင် နောက်ပြီး နိုင်ငံခြားတို့အထိ တင်ပို့နိုင်အောင် လိုအပ်ရင် သင်တန်းပေးမယ် ကိုယ်တိုင်လည်းလုပ်ရင်း သူတို့ကိုလည်း သင်ပေးရင်း အဲလိုစိတ်ကူးထားတာပေါ့”လို့ပြောပါတယ်။

ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်ဖွဲ့တွေအကြား ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ (၁၂) ရက်နေ့က ချင်းပြည်နယ်မြောက်ပိုင်း ဟိန်းဇိန်းမှာ ၁၀ ရက်အကြာ တိုက်ပွဲတွေ ဖြစ်ခဲ့ပြီးနောက်ပိုင်း စစ်ကိုင်းတိုင်း ကလေးမြို့နဲ့ ချင်းပြည်နယ် တီးတိန်၊ ဖလမ်း၊ဟားခါးမြို့တို့ကို သွားလာတဲ့ ကုန်စည်ယာဉ်တွေနဲ့ ခရီးသည်တင်ယာဉ်လိုင်းတွေက အရင်ကရပ်နားလေ့ရှိကြတဲ့ ထမင်းဆိုင်တို့ စားသောက်ဆိုင်တို့မှာ မရပ်နားကြတော့ပါဘူး။

ကလေးမြို့ကနေ မိုင် (၂၀) ကျော်ဝန်းကျင်သာဝေးတဲ့ ဟိန်းဇိန်းရွာက စစ်ကိုင်းတိုင်း ကလေးမြို့နဲ့ ချင်းပြည်နယ် တီးတိန်၊ ဖလမ်း၊ ဟားခါးမြို့များနဲ့ ဆက်သွယ်ထားတဲ့ လမ်းပေါ်မှာရှိတဲ့အပြင် အိန္ဒိယ - မြန်မာနယ်စပ် ကုန်သွယ်ရေး လမ်းပေါ်မှာ တည်ရှိတဲ့ တောင်ပေါ်ကျေးရွာလေးတစ်ခုဖြစ်ပါတယ်။

ချင်းတောင်ပေါ်မှာဖွင့်တဲ့ စားသောက်ဆိုင်တွေနဲ့ ထမင်းဆိုင် အစရှိတဲ့ ဒေသထွက်ကုန် ပစ္စည်းတွေရောင်းကြတဲ့သူတွေက ကလေးမြို့နဲ့ ချင်းတောင်ကို သွားတဲ့ ကုန်စည်တင်ပို့သွားလာကြတဲ့ ကားသမားတွေနဲ့ ခရီးသွားဧည့်သည်တွေကို အဓိက အားထားပြီး ဖွင့်ကြတဲ့ ဆိုင်တွေဖြစ်ကြပါတယ်။

ချင်းတောင်လမ်းဘေးမှာ ထမင်းဆိုင်ဖွင့်တဲ့ သူတစ်ဦးပြောတာက “ပုံမှန်သွားနေတဲ့ ရိဒ်၊ ဖလမ်း၊ တီးတိန်၊ဟားခါးတို့ သွားတဲ့ ကုန်တင်ကားတွေက ပုံမှန်နားတဲ့ ဧည့်သည်ရှိတယ် ဒီတိုင်းကလေးမြို့ကနေ အဖွဲ့လိုက်သွားကြတာရှိတယ် ကိုဗစ်ကြောင့် အဖွဲ့လိုက်သွားတာတွေ မရှိသလောက်ဖြစ်သွားပြီးတော့ ကုန်တင်ကားတို့လောက်ပဲရှိခဲ့တယ် လက်ရှိမှာ ဧည့်သည်မရှိဘူးပြောတယ် တိုက်ပွဲတွေကြောင့် ကော်ဖီခြံတို့ မီးရှို့ခံရပြီးနောက်ပိုင်းတော့ မဖြစ်မနေသွားတဲ့ ကုန်တင်ကားတွေလည်း လုံးဝမနားကြတော့ဘူး”လို့ပြောပါတယ်။

သူကဆက်ပြီး “ရာခိုင်နှုန်းနဲ့ပြောရရင်တော့ ၉၀ ရာခိုင်နှုန်းက သူတို့မှီခိုတဲ့ဟာတွေက လုံးဝအဆင်မပြေ ဖြစ်သွားတယ် မဖြစ်မနေ ကားရေဆေးတဲ့ဟာလောက်ပဲ ကျန်တော့ ကားတွေလည်း မနားကြတော့ဘူး”လို့ပြောပါတယ်။

နေ့စဉ်ဝင်ငွေ သိန်းဂဏန်း ဝင်ငွေရှိခဲ့ကြတဲ့ ချင်းတောင်လမ်းဘေးမှာဖွင့်တဲ့ စားသောက်ဆိုင်၊ ထမင်းဆိုင်တွေက ကိုဗစ် -၁၉ ကပ်ဘေးကြောင့် ဝင်ငွေထိခိုက်ခဲ့တာ တွေရှိခဲ့ပေမဲ့ စစ်ကောင်စီအာဏာသိမ်းပြီးနောက်ပိုင်း ဒေသအတွင်းဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် ၎င်းတို့လုပ်ကိုင်နေကြတဲ့ အလုပ်အကိုင် စီးပွားရေးလုံးဝ ပျက်စီးသွားရပြီး ဝမ်းရေးအတွက် စိုးရိမ်နေရတဲ့ ဘဝတွေအဖြစ်ကို ရောက်ရှိလာပါတယ်။

စစ်ကိုင်းတိုင်း ကလေးမြို့နဲ့ ချင်းပြည်နယ်မြောက်ပိုင်းကို အဓိကသွားလာတဲ့ လမ်းမပေါ်မှာ ကော်ဖီနဲ့စပျစ်ဝိုင်ဆိုင် ဖွင့်တဲ့ ကိုဂျင်ပီးကလည်း သူဖွင့်တဲ့ ကော်ဖီနဲ့ စပျစ်ဝိုင်ဆိုင်ကို ၂၀၂၁ ခုနှစ် မေလ ကတည်းက သူရဲ့ဆိုင်ကိုဖွင့်ခဲ့ပါတယ်။

 “အရမ်းကြီးသူဌေးမဖြစ်ရင်တောင်မှ ကိုယ့်ရဲ့စားဝတ်နေရေးလည်ပတ်နိုင်ယုံလေးနဲ့ တခြားဟာလုပ်ရင်းနဲ့ဆိုတဲ့ အိမ်မက်လေးတော့ ပျောက်သွားတော့ ကျနော်အတွက်ကတော့ အိမ်မက်တွေပျက်ဆီးသွားတော့ အလုပ်တစ်ခုခုကို ရအောင်ပြန်ရှာမယ် သူများအလုပ်မလုပ်ချင်တဲ့ ဟာကိုလည်း ပြန်လုပ်ရတော့မယ် တချို့တွေလည်း နိုင်ငံခြားမှာ လေး၊ ငါးနှစ်လောက်နေထိုင်ပြီး ဒီမိုကရေစီအသွင်ကူးပြောင်းတဲ့ကာလမှာ တစ်ခုခုလုပ်မယ်ဆိုပြီး စဉ်းစားကြတယ် အခုက ဗြောင်းဆန်ကုန်တော့ နိုင်ငံခြားထွက်မလား ရတဲ့အလုပ်တစ်ခုခုရှာပြီး ဘယ်လို အသက်ရှင်မလဲပေါ့ ပုံစံတွေဖြစ်ကုန်တာပေါ့ မျော်လင့်ချက် လုံးဝမဲ့သွားတာပေါ့”လို့ပြောပါတယ်။

သူများအလုပ်ကို မလုပ်ကိုင်လိုပဲ ကိုယ်ပိုင်အလုပ်အကိုင်ကို လုပ်ကိုင်လိုတဲ့ စစ်ကိုင်းတိုင်း ကလေးမြို့နဲ့ ချင်းပြည်နယ်မြောက်ပိုင်းကို အဓိကသွားလာတဲ့ လမ်းမပေါ်မှာ ကော်ဖီနဲ့စပျစ်ဝိုင်ဆိုင် ဖွင့်တဲ့ ကိုဂျင်ပီးကလည်း အခုတော့ ရရာအလုပ်တစ်ခုခုကို မိသားစုစားဝတ်နေရေးအတွက် လုပ်ကိုင်ဖို့ ပြင်ဆင်နေရပြီလည်းဖြစ်ပါတယ်။

အလုပ်အကိုင်အခွင့်အလမ်းနည်းပါးတဲ့ ချင်းပြည်နယ်လို နေရာမျိုးမှာ စီးပွားရေးလုပ်ငန်း များများစားစားမရှိပါဘူး။ ရှိတဲ့လုပ်ငန်းတွေကိုလည်း နှစ်ကာလကြာရှည်စွာ ပြည်ပထွက် အလုပ်လုပ်ကိုင်ပြီး စုဆောင်းတာလေးတွေနဲ့ပဲ တပိုင်တနိုင် ကိုယ်ပိုင်အလုပ်အကိုင် လုပ်ကြတဲ့သူတွေဖြစ်ပါတယ်။

လက်ရှိဖြစ်ပျက်နေတဲ့ နိုင်ငံရေးကြောင့် တပိုင်တနိုင်ကိုယ်ပိုင်လုပ်ငန်း လုပ်ကြတဲ့သူ အများစုရဲ့ လုပ်ငန်းတွေကလည်း မရှိတော့သလောက်ဖြစ်သွားပါပြီ ကိုယ်ပိုင်လုပ်ငန်း လုပ်ကိုင်ဖို့ မဖြစ်နိုင်တော့တဲ့ဆုံး အများစုက နိုင်ငံခြား ထွက်ကာ သွားရောက်အလုပ်လုပ်ကိုင်ဖို့ ပြင်ဆင်နေကြတာတွေ ရှိကြသလို သွားရောက် အလုပ်လုပ်ကိုင်နေသူတွေလည်း ရှိနေကြပါပြီ။

နိုင်ငံခြားထွက် အလုပ်လုပ်ကြတဲ့သူ အများစုကတော့ စင်ကာပူ၊ ဒူဘိုင်း၊ ထိုင်း၊ တရုတ် နိုင်ငံတွေမှာ အမျိုးသမီး အများစုက အိမ်အကူ အလုပ်ကို သွားရောက် လုပ်ကိုင်ကြတာတွေ ရှိသလို ယောက်ကျားလေး အများစုက ဆောက်လုပ်ရေးလုပ်ငန်းခွင် အစရှိတဲ့ အလုပ်တွေကို သွားရောက်လုပ်ကိုင် နေကြပါတယ်။

လက်ရှိမှာလည်း ချင်းပြည်နယ်အတွင်း ဒေသကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့အကြား တိုက်ပွဲတွေ မကြာခဏဖြစ်ပွားလေ့ရှိတာတွေ စစ်ရေးအရ တင်းမာမှုတွေက ရှိနေသေးတာတွေကြောင့် တပိုင်တနိုင်လုပ်တဲ့ ဈေးဆိုင်တွေ၊ စားသောက်ဆိုင် ထမင်းဆိုင်ဖွင့်တဲ့သူတွေ ရေရှည်မှာပိုမိုအခက်ခဲအကြပ်တည်းနဲ့ ရင်ဆိုင်နေရအုန်းမှာဖြစ်ပါတယ်။

ကော်ဖီနဲ့စပျစ်ဝိုင်ဆိုင် ဖွင့်တဲ့ ကိုဂျင်ပီးက “ ခုတော့အနာဂတ်အတွက်တောင်မှ မမျော်ရဲဘူး လက်ရှိတောင်မှ ရှိတဲ့ဟာလေး တချို့ဟာလေးတွေ ရောင်းပြီးတော့ ပုံမှန်စားသောက်နေရတာ ဘယ်သူမှဒီလိုမမျော်လင့် ခဲ့တော့ တချို့ဟာတွေက မလိုအပ်ပဲ ရင်းနှီးလိုက်သလိုဖြစ်သွားတော့ ရှိတဲ့ဟာလေးရောင်းပြီး စားသောက်နေရတယ်”လို့ပြောပါတယ်။

ကိုဗစ်ကပ်ဘေးကနေစပြီး အထိနာခဲ့တဲ့ စားသောက်ဆိုင်တွေဟာ စစ်အာဏာသိမ်းမှု ပြီးနောက် လက်နက်ကိုင်တော်လှန်ရေးအားကောင်းလာတဲ့ ချင်းပြည်နယ်မှာ ပိုပြီးအထိနာခဲ့ရပါတယ်။

ကလေး-တီးတိန်-ဖလမ်း-ဟားခါး ကိုသွားတဲ့ ချင်းတောင်လမ်းမကြီးဘေးက ပျောက်ဆုံးသွားတဲ့စားသောက်ဆိုင်တွေဟာ လူတွေသတိမထားမိ ခင်မှာပဲပျောက်ဆုံးသွားခဲ့ပါပြီ။

Most read this week

December 4, 2025
ဒီဇင်ဘာလ ၂ ရက်နေ့ နေ့လည်ပိုင်းမှာ တီးတိန်မြို့နယ် ဘဲကန့်ရွာကို စစ်ရှောင်ရာကနေ နွားနောက်ရှာရန်...
December 3, 2025
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ အာရက္ခတပ်တော်(ULA / AA) က အသက် ၁၈ နှစ်ကနေ ၄၀ အကြား အရွယ်ရှိသူ...
December 2, 2025
စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ မော်လိုက်အကျဉ်းထောင်က မနေ့ဒီဇင်ဘာလ ၁ ရက်နေ့မှာ လွတ်ရက်နီးနေတဲ့...
Photo credit - CJ
November 28, 2025
နိုဝင်ဘာလ ၂၇ ရက်နေ့ မနက် ၈ နာရီခွဲ ခန့်ကနေ စတင်ပြီး တီးတိန်မြို့အဝင် တောင်ကုန်းဖြစ်သော Saimual...