CDM ဝန်ထမ်းများပြန်ခေါ်ခြင်းသည် ဝန်ထမ်းမလုံလောက်ကြောင်း ပြသနေ

CDM ဝန်ထမ်းများပြန်ခေါ်ခြင်းသည် ဝန်ထမ်းမလုံလောက်ကြောင်း ပြသနေ

CDM ပညာရေး ဝန်ထမ်းများ လုပ်ငန်းခွင်သို့ ပြန်ဝင်ပါက ရာထူး ပြန်ပေးမည်ဟု စစ်ကောင်စီက ပြောဆိုလိုက် ခြင်းသည် ၎င်းတို့ ပြန်လည်ပတ်လိုသည့် ပညာရေးဝန်ကြီးဌာနတွင် လူသစ်ခန့်အပ်မှု မလုံလောက်ခြင်းနှင့် ကျွမ်းကျင်ဝန်ထမ်းများ မရှိခြင်းကြောင့် ဖြစ်သည်ဟု CDM ပညာရေးဝန်ထမ်း အချို့က ပြောသည်။

မြန်မာတစ်နိုင်ငံလုံးရှိ ပညာရေးဝန်ထမ်းများ အနေဖြင့် ယခု အချိန်တွင် အလုပ်ပြန်ဝင်မည်ဆိုပါက ဝန်ထမ်း အဖြစ် ပြန်လည်ခန့်အပ်ပြီး မူလရာထူးအတိုင်း ပြန်ပေးမည်ဖြစ်ကြောင်း စစ်ကောင်စီက ယမန်နေ့ မေလ (၁၇) ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။

CDM ကျောင်းဆရာမ တစ်ဦးက “ဝန်ထမ်းသစ်ခန့်တာ မလောက်လို့လား၊ ခန့်တဲ့ အသစ်တွေကပဲ လုပ်ငန်း မကျွမ်းကျင်လို့ မလည်ပတ်နိုင်လို့ ပြန်ခါ်တာလားတော့ မသိဘူး။ အပြင်မှာဆိုလည်း ကျမတို့ကို ကိုယ်ပိုင် ကျောင်းတွေမှာ အလုပ်ပြန်ဝင်လို့ မရအောင် လိုက်ပိတ်တာတွေ ရှိတယ်။ သူတို့ဘက်က ကျမတို့ကို Boycott ပြန်လုပ်တာပေါ့။ ကျမတို့ကို လုံးဝရွေးချယ်စရာ မရှိအောင်လုပ်လိုက်ရင် လုပ်ငန်းခွင်ထဲ ပြန်ဝင်လာမလား ပေါ့။ အဲလို လုပ်လိုက်တော့ ပြန်မဝင်ချင်တဲ့အပြင် ပိုပြီးစိတ်နာတယ်” ဟု ပြောသည်။

စစ်ကောင်စီ၏ ထုတ်ပြန်ကြေညာချက်အရ အခြေခံကျောင်းများကို ၂၀၂၂ ခုနှစ် လာမည့် ဇွန်လ (၂) ရက်နေ့တွင် ဖွင့်မည်ဖြစ်ပြီး အလုပ်ပြန်ဝင်မည့် ဝန်ထမ်းများ အနေဖြင့် ၎င်းတို့ နီးစပ်ရာ ပညာရေးမှူးရုံးများတွင် မေလ (၃၁) ရက်နေ့ နောက်ဆုံးထား၍ အယူခံ တင်သွင်းရမည် ဖြစ်သည်ဟုလည်း ဖော်ပြထားသည်။

အဆိုပါ ကြေညာချက် မထုတ်ပြန်မီ ယမန်နှစ် ၂၀၂၁ ခုနှစ်ကတည်းကလည်း CDM ဝန်ထမ်းအချို့ CDM အလုပ် ပြန်ဝင်ကြသူများ ရှိခဲ့ရာ ၂၀၂၀ ခုနှစ် အောက်တိုဘာလ၌ NLD အစိုးရလက်ထက်က ထုတ်ပေးခဲ့သည့် ၂ လစာ အတိုးမဲ့ ချေးငွေများကို ပြန်ဆပ်ခဲ့ရသည်ဟု Non-CDM ဝန်ထမ်းတစ်ဦးက ပြောသည်။

ပညာရေးဌာနက Non-CDM ဝန်ထမ်းတစ်ဦးက “အဲဒီတုန်းက စားတတ်နေရေး ဘယ်လိုမှ အဆင်မပြေတော့လို့ ဝင်လိုက်တာ အကြွေးဆပ်ရတာပဲ အဖတ်တင် တယ်။ အထက်ကတော့ လုံးခနဲ ဆပ်ခိုင်းတာပေါ့။ ကျမကလည်း မပေးနိုင်ဘူးပြောတော့ အခု တစ်လ ငါးသောင်း နဲ့ လစဉ် ဆပ်ရတယ်။ အလုပ်ဝင်လိုက်မှ ပိုပြီး ကြပ်တည်းတာ ပေါ့” ဟု ပြောသည်။

စစ်ကောင်စီက ယမန်နေ့က ထုတ်ပြန်လိုက်သည် ထုတ်ပြန်ချက်ထဲတွင် ရာဇဝတ်မှု ကျူးလွန်သူများမှအပ ယခင် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့သော ဝန်ထမ်းများ၊ အကြောင်း အမျိုးမျိုးကြောင့် ခွင့်မဲ့ပျက်ကွက်ခဲ့ကြသော ဝန် ထမ်းများနှင့် ဌာနဆိုင်ရာမှ လက်ရှိ စုံစမ်းစစ်ဆေးနေသော ဝန်ထမ်းများအား ယခု အယူခံတင်သွင်းမည် ဆိုပါက မူလရာထူးအတိုင်း တာဝန် ပြန်လည် ထမ်းဆောင်နိုင်ရန် ဆောင်ရွက်ပေးသွားမည်ဟု ပါရှိသည်။

ထိုထုတ်ပြန်ချက်နှင့် ပတ်သက်၍ CDM ကျောင်းဆရာမ တစ်ဦးက “CDM တော်တော်များများက သူတို့ကြောင့် အပြင်မှာတောင် ပိုပြီး အဆင်ပြေနေကြပါပြီ။ ပြန်ဝင်ဖို့တော့ နည်းမှာပဲ။ အဆင်မပြေလို့ ပြန်ဝင်ရတာပါ ဆို တာမျိုးက ဆင်ခြေပါ။ စစ်အစိုးရလက်အောက်မှာ လူတိုင်းက အဆင်ပြေမနေဘူး။ အကြောင်းပြချက်ပေးပြီး ကိုယ်လွတ် ရုန်းတယ်လို့ပဲ မြင်တယ်” ဟု ပြောသည်။

အမျိုးသားညီညွတ်ရေး အစိုးရ (NUG) အနေဖြင့်လည်း ကြားကာလ ပညာရေးအစီအစဉ်ဖြင့် ဆေးဘက်ဆိုင်ရာ တက္ကသိုလ်များကို အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်ရာ ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလတွင်လည်း CDM ဆရာ/မ များအတွက် မူလတန်းဆရာ အတတ်ပညာသင်တန်းများကိုလည်း ခေါ်ယူနိုင်ခဲ့ပြီ ဖြစ်သည်။

ထို့အပြင် လက်ရှိ CDM ပညာရေး ဝန်ထမ်းဦးရေမှာ မည်မျှရှိသည်ကို မသိရသော်လည်း  NUG အစိုးရ၏ စီးပွား ရေးဝန်ကြီး ဦးတင်ထွန်းနိုင်က ၂၀၂၁ ခုနှစ် နိုဝင်ဘာလဆန်းပိုင်းက ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲ၌ CDM ဝန်ထမ်းအရေအတွက်မှာ ၄၁၀,၀၀၀ ကျော်ခန့် ရှိနိုင်သည်ဟု ပြောကြားထားသည်။

Most read this week

February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...
February 4, 2026
ကချင်ပြည်အတွင်းရှိ ဝိုင်းမော်၊ ဖားကန့်နှင့် မိုးညှင်း-အင်းတော်ကြီးဒေသတို့တွင် KIA...
February 2, 2026
Justice For Myanmar (JFM) အဖွဲ့က Alphabet၊ Apple၊ TikTok နှင့် Telegram လူမှု ကွန်ရက်...
February 2, 2026
မြန်မာနိုင်ငံ မြောက်ပိုင်း၏ ကောင်းကင်ယံသည် ဆောင်းရာသီ၏ အအေးဓာတ်ကြောင့် မှိုင်းညို့နေရုံတင်မကဘဲ...