မအူပင်တွင် သွေးသောက်အဖွဲ့ လူထုကို ခြိမ်းခြောက်

မအူပင်တွင် သွေးသောက်အဖွဲ့ လူထုကို ခြိမ်းခြောက်

ဧရာဝတီတိုင်း၊ မအူပင်မြို့တွင် သွေးသောက်အဖွဲ့က အိမ်တစ်ကို ဧည့်စာရင်း စစ်မည်ဆိုကာ သေနတ်ဖြင့် ပစ်ခတ် ခြင်းနှင့် NLD အမတ်တစ်ဦး၏ နေအိမ်ရှေ့တွင်လည်း ခြိမ်းခြောက်စာချသွားခြင်းများ လုပ်ဆောင်ခဲ့ သည်ဟု သိရ သည်။

မေလ ၈ ရက်နေ့ ညက စစ်ကောင်စီကဖွဲ့ စည်းထားသည်ဆိုသည့် သွေးသောက်အဖွဲ့က မအူပင်မြို့၊ အမှတ် ၉ ရပ် ကွက်ရှိ ဦးဇော်ဝင်းမြင့် ဆိုသူ၏ နေအိမ်ကို သေနတ်ဖြင့် ပစ်ခတ်ခဲ့ပြီး၊ NLD ပါတီက လွှတ်တော် ကိုယ်စားလှယ် ဒေါ်အိအိပြုံး အိမ်ရှေ့တွင်လည်း ခြိမ်းခြောက်စာချသွားသည်ဟု မအူပင်မြို့ခံများက ပြောသည်။

“ည ၁၁ နာရီလောက်က ဧည့်စာရင်းစစ်မယ်ဆိုလို့ တံခါးဖွင့်ပေးလိုက်တာမှာ သေနတ်နဲ့ အပစ်ခံရလို့ ကိုဇော်ဝင်း မြင့် လက်မောင်းကို ထိသွားတယ်” ဟု ဦးဇော်ဝင်းမြင့်၏ မိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ဆိုင်ကယ် ၂ စီး နှင့် လူ ၄ ဦးက အိမ်ရှေ့သို့ရောက်လာပြီး ဧည့်စာရင်းစစ်မည်ဟု ပြောသဖြင့် တံခါး ဖွင့်ပေးချိန်တွင် ပစ်ခတ်ခံရပြီးနောက် အဆိုပါ နေအိမ်ရှေ့တွင် “မအူပင် သွေးသောက်” အဖွဲ့ စာတန်းပါသည့် ခြိမ်းခြောက်စာကို ပစ်ချသွားသည် ဟု ဦးဇော်ဝင်းမြင့်၏ မိသားစုဝင် က ဆက်ပြောသည်။

ထိုနေ့ညမှာပင် မအူပင်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်အိအိပြုံး၏ အိမ်ရှေ့တွင်လည်း “နင်အေးဆေးနေ မနေရင် နင့်မိသားစုကို နင်ပြန်သတ်တာဘဲ” ဟု ရေးသားထားသည့် ခြိမ်းခြောက်စာ တစ်စောင် လာချသွား သည် ဟု ယင်းရပ်ကွက် နေထိုင်သူများက ပြောသည်။

သေနတ်ထိမှန်ခံရသူ ဦးဇော်ဝင်းမြင့် က သာမန် အရပ်သား တစ်ဦးဖြစ်ပြီး နိုင်ငံရေးပါတီများ နှင့် ပတ်သက် သူ မဟုတ်ဘူးဟု ရပ်ကွက်နေသူ အချို့က ပြောသည်။

မအူပင်မြို့ခံ ဦးဇော်လေး က “လက်ရဲ ဇက်ရဲနဲ့ ရပ်ကွက်ထဲဝင် မီးရှို့တာလည်း ရှိတော့ မြို့ခံတွေ ကျီးလန့်စာစား ဖြစ်နေကြတယ်” ဟု ပြောသည်။

မေလ ၃ ရက်နေ့ ည ၁၀ နာရီဝန်းကျင် အချိန်က မအူပင်မြို့၊ အမှတ်၂ ရပ်ကွက်ရှိ NLD ပါတီက ဧရာဝတီတိုင်း လွှတ်တော်ကိုယ်စားလှယ် ဦးဇော်မိုး၏ နေအိမ်ကို ငှက်မုတ်ဆိုးအမည်ရှိ သွေးသောက်အဖွဲ့က ခြိမ်းခြောက်စာကပ် မီးရှို့ရန် ကြိုးစားခဲ့သည့် ဖြစ်စဉ်တစ်ခုလည်း ဖြစ်ပွားခဲ့သည်ဟု ဒေသခံများက ပြောသည်။

သို့သော် ရပ်ကွက်အတွင်း နေထိုင်သူများက အချိန်မှီ သိရှိကာ  မီးငြိမ်းသတ်နိုင်ခဲ့သည့်အတွက် ဦးဇော်မိုး ၏ အိမ်နှင့် ရပ်ကွက် မီးလောင်ဆုံးရှုံးမှု မရှိခဲ့ဘူးဟု သိရသည်။

Most read this week

February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...
February 4, 2026
ကချင်ပြည်အတွင်းရှိ ဝိုင်းမော်၊ ဖားကန့်နှင့် မိုးညှင်း-အင်းတော်ကြီးဒေသတို့တွင် KIA...
February 2, 2026
Justice For Myanmar (JFM) အဖွဲ့က Alphabet၊ Apple၊ TikTok နှင့် Telegram လူမှု ကွန်ရက်...
February 2, 2026
မြန်မာနိုင်ငံ မြောက်ပိုင်း၏ ကောင်းကင်ယံသည် ဆောင်းရာသီ၏ အအေးဓာတ်ကြောင့် မှိုင်းညို့နေရုံတင်မကဘဲ...