အင်တာနက် အဆင်မပြေမှုကြောင့် ကျန်းမာရေး သင်တန်းများ အခက်ကြုံ

အင်တာနက် အဆင်မပြေမှုကြောင့် ကျန်းမာရေး သင်တန်းများ အခက်ကြုံ

ဖုန်းအင်တာနက်လိုင်းအဆင်မပြေမှုနှင့် အင်တာနက် Data စျေးကြီးမှုတို့ကြောင့် NUG က ဖွင့်လှစ်ထားသည့် ပခုက္ကူ သားဖွားမီးယပ်နှင့် သူနာပြုသင်တန်းကျောင်း သင်ကြားပို့ချရေး အခက်အခဲရှိနေသည်ဟု သင်တန်း ဆရာ/ ဆရာမများက ပြောသည်။

အမျိုးသားညီညွတ်ရေး အစိုးရ NUG က ဖွင့်လှစ်သည့် မကွေးတိုင်း ဒေသကြီး၊ ပခုက္ကူ သားဖွားမီးယပ်နှင့် သူနာ  ပြုသင်တန်းကျောင်းတွင် လက်ရှိ သင်ကြားနေကြသည့် သင်တန်းဆရာ/ဆရာမများနှင့် ကျောင်းသားများ အွန် လိုင်းသင်ကြားရေးစနစ် အဆင်မပြေကြ ဟု သင်ကြားပို့ချပေးနေသည့် ဆရာ/ဆရာမ အချို့က ပြောသည်။

အဆိုပါ ကျောင်းက ဆရာမ တစ်ဦး က “ကျမက CDM လုပ်ထားတဲ့အပြင် အင်တာနက်လိုင်းတွေက မကောင်း၊ ဒေတာတွေက ဈေးကြီးတော့ စာသင်ရတာ အဆင်မပြေဘူးပေါ့။ လိုင်းက နေ့လည်ဘက်နဲ့ ည (၈) နာရီနောက်ပိုင်း အတော်ဆိုးတယ်။ လိုင်းတွေကောင်းပြီး data တွေ အရင်လို ဈေးပဲဆိုရင် ဒီထက်မက ပိုသင်ပေးနိုင်မှာပါ” ဟု  ပြောသည်။

လတ်တလော CDM  ကျောင်းသားများသည် လွတ်မြောက်နယ်မြေသို့ တိမ်းရှောင် သွားကြသူများနှင့် ရပ်ရွာထဲတွင် ကင်းစောင့်နေရသည့် တာဝန်များကြောင့် စာသင်ချိန်ညှိနေရသည့် အခက်အခဲများ ရှိကြောင်း၊ အချို့မှာလည်း အိုင်တီနည်းပညာ အခက်အခဲများလည်း ရှိနေသည်ဟု သိရသည်။

ထို့အပြင် ၎င်းတို့သည် ကျောင်းသားများ ဖြစ်သည့် အလျောက် ဒေတာဖိုး မတတ်နိုင်သည့် အခက်အခဲများလည်း ရှိကြောင်း ဆရာမတစ်ဦးက ဆက်ပြောသည်။

အဆိုပါ သားဖွားမီးယပ်နှင့် သူနာပြုသင်တန်းကျောင်းမှာ CDM ကျောင်းသား တစ်ဝက်ကျော်ခန့် သင်ကြားလျက် ရှိပြီး သင်တန်းဆရာ/ဆရာမများမှာလည်း ဆေးတက္ကသိုလ်နှင့် ယင်းကျောင်းမှ CDM ဆရာ/ဆရာမများက သင် ကြား ပို့ချပေးကြသည်ဟု သိရသည်။

ယခင် သားဖွားမီးယပ်နှင့် သူနာပြု သင်တန်းကျောင်းသားများမှာ လက်တွေ့ခန်းများတွင် သင်ထောက်ကူ ပစ္စည်း များ၊ သင်ထောက်ကူ အရုပ်များဖြင့် သင်ကြားပို့ချပြီး လက်တွေ့ဆင်းရသော်လည်း ယခုအခါတွင် ၎င်းတို့ မိသားစု ဝင်များ နေမကောင်းဖြစ်သည့် အခါမှသာ သွေးပေါင်ချိန်တိုင်းခြင်း၊ အဖျားတိုင်းခြင်း စသည်တို့ကို လက်တွေ့အနေ ဖြင့် လုပ်ဆောင်ရကြောင်း ကျောင်းသူ/သားများက ပြောသည်။

အမျိုသားညီညွတ်ရေး အစိုးရကလည်း နွေဦးထီ ရံပုံငွေဖြင့် ကူညီထောက်ပံ့လျက်ရှိရာ ၎င်းတို့ ကျောင်းရှိ CDM ကျောင်းသူ/သားနှင့် CDM ဆရာ/ဆရာမ အရေတွက်မှာ များလွန်းသောကြောင့် ထိရောက်မှု မရှိဖြစ်နေရသည်ဟု ထိုကျောင်းက တာဝန်ရှိသူ တစ်ဦးက ပြောသည်။

မြန်မာနိုင်ငံတွင် ယမန်နှစ်က အာဏာသိမ်းမှုကြောင့် အလုပ်အကိုင် အခွင့်လမ်းများ ရှားပါးပြီး ပြည်ပသို့ ထွက်ခွါ သူများ နေစဉ်နှင့်အမျှ တိုးပွားလျက်ရှိရာ ယင်းကျောင်းတွင် တက်ရောက်နေသာ CDM ကျောင်းသူ/ကျောင်းသား များသည်လည်း ပြည်ပနိုင်ငံများသို့ သွားရောက်လုပ်ကိုင်နေသူများ ပါဝင်သောကြောင့် စနေ၊ တနင်္ဂနွေ ပိတ်ရက် များတွင်လည်း ၎င်းတို့ကို သင်ကြားပေးရသည်ဟု ဆရာ/ဆရာများက ပြောသည်။

အမျိုးသားညီညွတ်ရေး အစိုးရ NUG လက်အောက်ရှိ မြန်မာနိုင်ငံ သားဖွားမီးယပ်နှင့် သူနာပြု သင်တန်းကျောင်း များကို ကြားကာလ ပညာရေး အစီစဉ်အနေဖြင့် ၂၀၂၂ ခုနှစ် ဇန္နဝါရီလ (၂) ရက်နေ့တွင် အမျိုးသမီးကျန်းမာရေး ဆရာမများ (LHV) သင်တန်းကို အောင်မြင်စွာ ဖွင့်လှစ်ခဲ့ပြီး တိုင်းနှင့် ပြည်နယ် အသီးသီးရှိ မီးယပ်သားဖွားနှင့် သူ နာပြု သင်တန်းကျောင်းများကိုလည်း ၂၀၂၂ ခုနှစ် မတ်လ ၁ ရက်နေ့တွင် Zoom အခန်းအနားဖြင့် ဒေါက်တာဇော် ဝေစိုး က ဖွင့်လှစ်ခဲ့သည်။

Most read this week

February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...
February 4, 2026
ကချင်ပြည်အတွင်းရှိ ဝိုင်းမော်၊ ဖားကန့်နှင့် မိုးညှင်း-အင်းတော်ကြီးဒေသတို့တွင် KIA...
February 2, 2026
Justice For Myanmar (JFM) အဖွဲ့က Alphabet၊ Apple၊ TikTok နှင့် Telegram လူမှု ကွန်ရက်...
February 2, 2026
မြန်မာနိုင်ငံ မြောက်ပိုင်း၏ ကောင်းကင်ယံသည် ဆောင်းရာသီ၏ အအေးဓာတ်ကြောင့် မှိုင်းညို့နေရုံတင်မကဘဲ...