ကျောက်ဆိပ်ရွာသားများအမှုကို လာမည့်ရုံးချိန်းတွင် အမိန့်ချမည်

ကျောက်ဆိပ်ရွာသားများအမှုကို လာမည့်ရုံးချိန်းတွင် အမိန့်ချမည်

ရက္ခိုင့်တပ်တော်(AA)နှင့် ဆက်စပ်သည်ဟု သံသယဖြင့် ဖမ်းဆီးတရားစွဲဆိုခံထားရသည့် ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်ဆိပ်ကျေးရွာသား ၅ ဦး၏အမှုကို လာမည့်ရုံးချိန်းတွင် အပြီးသတ်အမိန့်ချရန် ချိန်းဆိုလိုက်ကြောင်း အမှုလိုက်ရှေ့နေထံမှ သိရသည်။

ထိုအမှုအား ယနေ့(မေလ ၅ ရက်)ရုံးချိန်းတွင် စာဖြင့်နှစ်ဖက်ရှေ့နေများက စစ်တွေခရိုင်တရားရုံးတွင် အပြီးသတ်လျှောက်လဲချက်ပေးခဲ့ပြီး လာမည့်မေလ ၁၉ ရက်နေ့ရုံးချိန်းတွင် အမိန့်ချရန် ချိန်းဆိုလိုက်ကြောင်း အမှုကိုလိုက်ပါဆောင်ရွက်နေသည့် တရားလွှတ်တော်ရှေ့နေ ဦးကျော်ညွှန့်မောင်က DMG ကိုပြောသည်။

“လျှောက်လဲချက်ကို စာနဲ့တင်ခဲ့တယ်။ မေလ ၁၉ ရက်နေ့ အမိန့်ချဖို့ ချိန်းလိုက်တယ်”ဟု ဆိုသည်။

၎င်းတို့ ၅ ဦးမှာ ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် ဧပြီလ ၁၉ ရက်နေ့က ဖမ်းဆီးခံခဲ့ပြီး ပုဏ္ဏားကျွန်းမြို့အခြေစိုက် (၅၀၅)တပ်ရင်းမှ ဗိုလ်ကြီးတင့်နိုင်ထွန်းက တရားလိုပြုလုပ်ကာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ- ၅၀(ည)၊ ၅၂(က)တို့ဖြင့် တရားစွဲဆိုခဲ့သည်။

တရားစွဲဆိုခံထားရသည့် ကျောက်ဆိပ်ကျေးရွာသားများမှာ ကိုညီညီအောင်(၂၄)နှစ်၊ ကိုအောင်မျိုးလင်း (၂၄)နှစ်၊ ကိုမောင်ချေ (၂၄) နှစ်၊ ပုဏ္ဏားကျွန်းမြို့ပေါ်မှ ကိုမင်းစိုး(၃၈)နှစ်နှင့် မြောက်ဦးမြို့နယ်၊ ဇီးပင်ကြီး ကျေးရွာမှ ကိုကျော်ဝင်းဟိန်း(၂၂)နှစ်တို့ဖြစ်ကြသည်။

ထိုသူတို့မှာ AA နှင့်ဆက်စပ်မှုမရှိဘဲ အရပ်သားများသာဖြစ်ကြောင်းနှင့် အမှုကိုစစ်ဆေးနေသည်မှာ ၂ နှစ်ကျော် ကြာမြင့်လာနေသည့်တိုင် အမိန့်မချနိုင်ဘဲ ကြန့်ကြာနေသည့်အတွက် မိသားစုဝင်တို့ကစိတ်ပျက်နေကြသည်။

“ဒီနေ့ရုံးချိန်း ရုံးထုတ်တယ်။ တစ်ခုမှမစစ်ဆေးဘဲ ထောင်ကိုပြန်ခေါ်သွားတယ်။ ဒီနေ့ရုံးချိန်းလာတာ သားကိုလည်းမတွေ့လိုက်ရဘူး။ ထမင်းလည်း မပေးလိုက်ရဘူး။ အန်တီလည်း အရမ်းစိတ်ညစ်လာပြီ”ဟု ကိုညီညီအောင်၏ မိခင်ဒေါ်နီနီအေးကပြောသည်။

အဆိုပါကျောက်ဆိပ်ကျေးရွာသား ၅ ဦးမှာ ဖမ်းဆီးချုပ်နှောင်ခံရစဉ်ကာလအတွင်းက စစ်ရေယာဉ်ပေါ်တွင် စစ်သားများ၏ ထိုးကြိတ်၊ကန်ကျောက် နှိပ်စက်ခြင်းကိုလည်းခံခဲ့ရသည်။

အလားတူ ရက္ခိုင့်တပ်တော်(AA)နှင့်ဆက်စပ်သည့်သံသယဖြင့် ဖမ်းဆီးတရားစွဲဆိုခံထားရပြီး အမိန့်ချရန် တစ်နှစ်ခန့်ကြာနေပြီဖြစ်သည့် ပုဏ္ဏားကျွန်းမြို့၊ အိုင်ဒင်ကျေးရွာမှ ဒေသခံနှစ်ဦးကိုလည်း မေလ ၁၉ ရက်နေ့တွင် အမိန့်ချရန် ထပ်မံရွှေ့ဆိုင်းလိုက်ကြောင်းလည်း ရှေ့နေဦးကျော်ညွန့်မောင်ထံမှ သိရသည်။

ပြီးခဲ့သည့် ဧပြီ ၁၇ ရက်နေ့တွင် စစ်ကောင်စီက မြန်မာနှစ်သစ်ကူးအထိမ်းအမှတ်အဖြစ် အကျဉ်းသား ၁၆၀၀ ကျော်ကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးခဲ့သော်လည်း ရခိုင်က AA နဲ့ဆက်စပ်သည်ဟုဆိုကာ တရားစွဲဆိုခံထားရသူ တစ်ဦးတစ်ယောက်မျှ မပါဝင်ခဲ့ပေ။

Most read this week

December 23, 2025
အာရက္ခတပ်တော် ထိန်းချုပ်ထားသော ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်ဒေသများတွင် ယခု ရက်ပိုင်းအတွင်...
December 22, 2025
နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေကို ချိုးဖောက်နေသည့်...
December 19, 2025
မြောက်ဦးဖြစ်စဉ်နောက်ပိုင်း အာရက္ခတပ်တော် ထိန်ချုပ်ထားသည့် ရခိုင်ပြည်၊ မြို့နယ်များတွင် ယခုအခါ...
December 18, 2025
ရခိုင်ပြည်နှင့်အစပ် မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ နတ်ရေကန် ဗျူဟာကုန်းကို စစ်ကောင်စီသည် ပဒါန်းကနေ...