အရံမီးသတ်များကို လက်နက်ငယ်သင်တန်းပေး

အရံမီးသတ်များကို လက်နက်ငယ်သင်တန်းပေး

ဧရာဝတီတိုင်း၊ လပွတ္တာမြို့နယ် အတွင်းရှိ ရပ်ကွက် ကျေးရွာများက အရံမီးသတ် တပ်ဖွဲ့ဝင်များကို စစ်ကောင်စီ က လက်နက်ငယ် သင်တန်းပေးနေသည် ဟု သင်တန်း တက်သူနှင့် နီးစပ်သူများက ပြောသည်။

လပွတ္တာမြို့နယ်အတွင်း က ကျေးရွာ၊ ရပ်ကွက်များတွင် ဖွဲ့စည်းထားသည့် အရံမီးသတ် တပ်ဖွဲ့ဝင်များ အနက် တပ်ဖွဲ့တစ်ဖွဲ့လျှင် နှစ်ဦးနှုန်းဖြင့် လက်နက်ငယ် သင်တန်းကို ဧပြီလကုန်မှ စတင်၍ သင်တန်းပေးနေခြင်း ဖြစ် သည် ဟု မီးသတ်ဦးစီးဌာန နှင့် နီးစပ်သူများက ပြောသည်။

“အရင်ကဆိုရင် အရံမီးသတ်တွေကို ရဲတပ်ဖွဲ့က လာပြီးတော့ တန်းစီ၊ ညာညှိ၊ အလေးပြု၊ ဘယ်ညာ လမ်း လျှောက် အခြေခံ လက်နက်မဲ့ စစ်ပညာလောက်ပဲ သင်တာ။ အခုက စစ်တပ်က လက်နက်ငယ်ပါ သင်ပေးတယ်” ဟု အုပ်ချုပ်ရေး အဖွဲ့ဝင်တစ်ဦး က ပြောသည်။

လက်နက်ငယ် ဘာသာရပ်တွင် ပါဝင်သည့် ဖြုတ်ခြင်း တပ်ခြင်း တိုက်ချွတ်ခြင်း၊ ချိန်နည်း လင်္ကာ နှင့် လက်တွေ့ ပစ်ခတ်ခြင်းများကို သင်ကြားပေးပြီး လုံခြုံရေးတာဝန် ဆောင်ရွက်ချိန်တွင် သေနတ်ကိုင်တွယ် အသုံးပြု ပစ်ခတ် တတ် စေရန်ရည်ရွယ်ကာ သင်ပေးနေခြင်း ဖြစ်သည်ဟု ၎င်း ကဆက်ပြောသည်။

လပွတ္တာမြို့နယ်တွင် မြို့ပေါ် ရပ်ကွက် ၁၀ ရပ်ကွက် ကျေးရွာ အုပ်စု ၅၀ အုပ်စု ရှိပြီး ယခင် ၂၀၁၅ ခုနှစ် ကတည်း က ရပ်ကွက် ကျေးရွာအုပ်စုတိုင်းတွင် အရံမီးသတ် တပ်ဖွဲ့ဝင် ၁၀ ဦး မှ အယောက် ၃၀ ဦး အထိဖြင့် ဖွဲ့စည်းထား သည်ဟု  မြို့နယ်မီးသတ် ဦးစီးဌာန ဝန်ထမ်းအချို့မှ သိရသည်။

“အရံ မီးသတ် အဖွဲ့ဆိုတာ ကြက်ခြေနီ အဖွဲ့လိုပဲ လူမှုကူညီရေး အဖွဲ့အစည်းပါ။ သေနတ်ကိုင်ခိုင်းပြီး ပြည်တွင်း စစ်မှာ ဆွဲထည့်တာဟာ စစ်ကောင်စီက မတော်မတရားတာတွေ လုပ်တာပဲ” ဟု အမည်မဖေါ်လိုသည့် သန္တေ မီး သတ် တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

တိုက်ပွဲတွင် ကျဆုံးသွားသူများ၊ တပ်ပြေးများ၊ CDM စစ်သားများနှင့် ရဲများ နေ့စဉ် များပြားလာနေပြီး အင်အား လျော့နည်း လာနေသည့် စစ်ကောင်စီ အနေဖြင့် စစ်တပ် နှင့် ရဲတပ်ဖွဲ့သို့ ဝင်ရောက်သူ မရှိသလောက် ဖြစ်နေ သည့်အတွက်ကြောင့် စစ်အင်အားကို နည်းပေါင်းစုံဖြင့် စုစည်းနေသည်ဟု နိုင်ငံရေး၊ စစ်ရေး စိတ်ဝင်စားသူများ က သုံးသပ်သည်။

စစ်ကောင်စီက ဧရာဝတီတိုင်း အတွင်းရှိ အခြားသော မြို့နယ်အချို့တို့တွင်လည်း အရံမီးသတ်များ သာမက စစ်မှု ထမ်းဟောင်းများ၊ ရဲဝန်ထမ်းဟောင်းများကိုလည်း ရက်တို မွမ်းမံ စစ်သင်တန်းများ ပေးကာ လက်နက်တပ်ဆင် ပေးထားသည်ဟု ဒေသခံများက ပြောသည်။

 

ဓါတ်ပုံ - Soe Than WIN/AFP via Getty Images
July 25, 2026
စစ်တပ် ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့နယ်အတွင်း အခုရက်ပိုင်းအတွင်း စစ်တပ်က...
July 25, 2026
ရခိုင်ပြည်၊ သံတွဲမြို့တွင် ဇူလိုင်လ ၂၄ ရက်နေ့က စစ်တပ်၏ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့်...
July 21, 2026
စစ်အာဏာသိမ်းပြီးချိန်မှ စ၍ မြန်မာနိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်များတွင် လုံလောက်သော ကျန်းမာရေး...
July 20, 2026
စစ်တပ်က အခိုင်အမာ တပ်စွဲထားသည့် ရခိုင်ပြည်၊ စစ်တွေမြို့နယ်၊ ရေချမ်းပြင်နှင့် ကျက်တောပြင်ကျေးရွာ...