၈ တန်းကျောင်းသားအား စစ်ကောင်စီ တပ်ဖွဲ့ဝင် ၇၀ ခန့် ဝိုင်းဝန်း ဖမ်းဆီး

၈ တန်းကျောင်းသားအား စစ်ကောင်စီ တပ်ဖွဲ့ဝင် ၇၀ ခန့် ဝိုင်းဝန်း ဖမ်းဆီး

ဧရာဝတီတိုင်း၊ မအူပင်မြို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၇၀ ခန့်နှင့် ပျူစောထီးများက အသက် ၁၄ နှစ် အရွယ် ၈ တန်းကျောင်းသား တစ်ဦး၏ နေအိမ်ကို ဝိုင်းဝန်း ပိတ်ဆို့ကာဝင် ရောက်ဖမ်းဆီးသွားသည်ဟု သိရသည်။

မအူပင်မြို့ အမှတ် ၁၂ ရပ်ကွက်တွင် နေထိုင်သည့် ၈တန်း ကျောင်းသား မောင်ရဲထက်ကို ဧပြီလ ၂၈ ရက်နေ့၊ ည ၁၀ နာရီ အချိန်ခန့်က အင်အားသုံး၍ ၎င်း၏နေအိမ်၌ ဝင်ရောက်ဖမ်းဆီးသွားခြင်း ဖြစ်သည် ဟု ဒေသခံများက ပြောသည်။

“အိမ်အပြင်ဘက်ရော အတွင်းကိုရော သေနတ်တွေနဲ့ ချိန်ပြီး ဝင်ဖမ်းတာပါ။ အိမ်ထဲမှာ ရှာတာ ၁ နာရီ လောက် ကြာတယ်။ ပြီးတော့ ဖုန်းကိုသိမ်းတယ်။ ကလေးကိုလည်း ဖမ်းသွားတယ်” ဟု မိသားစုနှင့် နီးစပ်သူတစ်ဦး က ပြောသည်။

မောင်ရဲထက်၏ မိဘဆွေမျိုးများက ၎င်းတို့၏ အရွယ်မရောက်သေးသည့် သားအား ရိုက်နှက် စစ်ဆေးခံရမည် ကို စိုးရိမ်နေကြသည်ဟု  သိရသည်။

ရပ်ကွက်အတွင်းရှိ ရဲ၊ စစ်တပ် သတင်းပေး ဒလန်တစ်ဦး ၏ သတင်းပေးမှုကြောင့် မောင်ရဲထက်၏ အိမ်ကို ဧပြီ လ ဆန်းပိုင်းက စစ်ကောင်စီ တပ်ဖွဲ့က အင်အားသုံး ဝင်ရောက်ရှာဖွေ စစ်ဆေးခဲ့ဘူးသည်ဟု ဒေသခံများ ၏ ပြောပြချက်အရ သိရသည်။

“အရွယ်မရောက်သေးတဲ့ ကျောင်းသားကလေးတွေကို ဥပဒေမဲ့ ဖမ်းဆီး နှိပ်စက်နေတာ။ သိရဲ့နဲ့ ဧရာဝတီတိုင်း ကလေးသူငယ် ဆိုင်ရာ အခွင့်အရေး ကော်မတီက နုတ်ပိတ် ရေငုံနေတယ်” ဟု ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်း သားသမဂ္ဂ ခေါင်းဆောင်ဟောင်း တစ်ဦးက ပြောသည်။

ဧရာဝတီတိုင်းတွင် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီက နိုင်ငံရေး ပုဒ်မ အမျိုးမျိုးတပ်၍ ဖမ်း ဆီးခံရသူများ အနက် အသက် ၁၈ နှစ် မပြည့်သေးသည့် ကျောင်းသား နှင့် ကလေးငယ် ၃၀ ထက်မနည်း ရှိနေ သည်ဟု ဧရာဝတီ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများ ကွန်ရက် ထံမှ သိရသည်။

ထိုသို့ ဖမ်းဆီးခံထားရသူများ အနက် ဝါးခယ်မြို့နယ်အတွင်းက ဖုန်းပါ အချက်အလက်များကြောင့် ဧပြီလ ဆန်း ပိုင်းက ပုဒ်မ ၅၀၅-က ဖြင့် ထောင်ဒဏ် ၂ နှစ် ချခံထားရသည့် ၁၀ တန်းကျောင်းသူ မနန္ဒာ နှင့် ဖမ်းဆီးခံထားရဆဲ  အမျိုးသမီးငယ် ၄ ဦး လည်း ပါဝင်နေသည်ဟု သိရသည်။

Most read this week

February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...
February 4, 2026
ကချင်ပြည်အတွင်းရှိ ဝိုင်းမော်၊ ဖားကန့်နှင့် မိုးညှင်း-အင်းတော်ကြီးဒေသတို့တွင် KIA...
February 2, 2026
Justice For Myanmar (JFM) အဖွဲ့က Alphabet၊ Apple၊ TikTok နှင့် Telegram လူမှု ကွန်ရက်...
February 2, 2026
မြန်မာနိုင်ငံ မြောက်ပိုင်း၏ ကောင်းကင်ယံသည် ဆောင်းရာသီ၏ အအေးဓာတ်ကြောင့် မှိုင်းညို့နေရုံတင်မကဘဲ...