UPDJC နိုင်ငံရေးပါတီများအစုအဖွဲ့မှ ဒေါက်တာအေးမောင်နှင့် ဦးကိုကိုကြီးတို့ နုတ်ထွက်

UPDJC နိုင်ငံရေးပါတီများအစုအဖွဲ့မှ ဒေါက်တာအေးမောင်နှင့် ဦးကိုကိုကြီးတို့ နုတ်ထွက်

ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ(UPDJC)မှ ရခိုင့်ဦးဆောင်ပါတီ(AFP)ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်နှင့် ပြည်သူ့ပါတီ(PP)ဥက္ကဋ္ဌ ဦးကိုကိုကြီးတို့ နုတ်ထွက်ခဲ့ကြောင်း သိရသည်။

UPDJC နိုင်ငံရေးပါတီများအစုအဖွဲ့ကို ပြန်လည်ဖွဲ့စည်းရန် ယမန်နေ့(ဧပြီလ ၂၇ ရက်)တွင်ပြုလုပ်ခဲ့သည့် နိုင်ရေးပါတီများအစုအဖွဲ့ရွေးချယ်မှုအပြီးတွင် နုတ်ထွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းသို့ပြန်လည်ဖွဲ့စည်းရာ၌ မဲထပ်မှုများဖြစ်ပေါ်ခဲ့ပြီး ရခိုင်မှ ပါတီသုံးပါတီ မဲထပ်သွားကာ ပြန်လည်မဲပြိုင်ရမည်ဆိုသည့်အတွက် နုတ်ထွက်ခဲ့ခြင်းဖြစ်သည်ဟု ဒေါက်တာအေးမောင်ကဆိုသည်။

“ပထမ အမြဲတမ်း ၁၆ ပါတီပြီးမှ ကျွန်တော်တို့သုံးပါတီက နောက်ဆုံး ၁၆ ယောက်မြောက်မှာ မဲထပ်တယ်။ AFP, USDP, ရခိုင်ပြည်အမျိုးသားအင်အားစု ဒီပါတီသုံးခုကထပ်တယ်။ ထပ်ပြီးတော့ မဲပြိုင်ရမယ်ဆိုပြီးလုပ်တယ်။ အဲဒီအချိန်မှာ ကျွန်တော်ကမပြိုင်တော့ဘူးဆိုပြီး နုတ်ထွက်သွားတာဖြစ်တယ်”ဟု ဒေါက်တာအေးမောင်ကပြောသည်။

UPDJC နိုင်ငံရေးပါတီများအစုအဖွဲ့ရွေးချယ်မှုတွင် ရခိုင်အမျိုးသားပါတီ(ANP)ပါတီမှပါဝင်ခဲ့ပြီး ရခိုင်မှပါတီတစ်ခုပါဝင်လျှင် ပြည်စုံပြီဆိုသည့်အမြင်နှင့် မဲထပ်မံဝင်မပြိုင်ခဲ့ခြင်းဖြစ်သည်ဟု ဒေါက်တာအေးမောင်ကဆိုသည်။

ထိုသို့မဲရွေးချယ်မှုအပြီး မကြာမီတွင် ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးလည်း UPDJC နိုင်ငံရေးပါတီများအစုအဖွဲ့မှ နုတ်ထွက်ခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ(UPDJC) ဧပြီလ ၂၇ ရက်နေ့က မဲရွေးချယ်ပြန်လည်ဖွဲ့စည်းရာ၌ နိုင်ငံရေးပါတီများအစုအဖွဲ့တွင် ဦးစိုင်းအိုက်ပေါင်း၊ ဒေါ်ချိုချိုကျော်ငြိမ်း၊ ဦးစောသန်းမြင့်၊ တ.စ.ညပါတီ၊ ပအိုဝ်းအမျိုးသားအဖွဲ့(PNO)၊ ရခိုင်အမျိုးသားပါတီ(ANP)၊ ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီ၊ မွန်ညီညွတ်ရေးပါတီ(MUP)တို့ ရွေးချယ်ခံခဲ့ရကြောင်း သိရသည်။

ပါတီများမဲခွဲရွေးချယ်မှုတွင် အုပ်စုကွဲလွဲမှုပုံစံများတွေ့ရကြောင်း ရခိုင့်ဦးဆောင်ပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်ကပြောသည်။

“မဲပေးတဲ့ပုံစံမှာ အမှန်က ၃၂ မဲ၊ ၃၂ ပါတီရွေးရာမယ့်ဟာကို ၃၂ ပါတီထက်ကျော်ရင်တော့ ပယ်မဲ။ ၃၂ ပါတီထက်လျော့ရင် ပယ်မဲမဟုတ်။ အဲဒီလိုမျိုးသတ်မှတ်တယ်။ ကျွန်တော်တို့က တင်ပြတယ် ၃၂ ပါတီကိုပြည့်အောင် မဲပေးမှခိုင်လုံတဲ့လက်မှတ်အဖြစ်လက်ခံပေး။ လျော့သွားရင်လည်းပယ်၊ ပိုရင်လည်းပယ်ဆိုပြီးပြောတယ်။ ဆိုတော့ ပိုတဲ့ဟာကိုပယ်မယ်၊ လျော့တဲ့ဟာကို မပယ်နိုင်ဘူး။ နိုင်ငံရေးပါတီရဲ့လွတ်လပ်ခွင့်ပဲဆိုပြီး ဆွေးနွေးခဲ့တယ်”ဟု ဒေါက်တာအေးအောင်ကပြောသည်။

ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC)ကို အစိုးရ၊ တပ်မတော်၊ လွှတ်တော် သုံးခုပေါင်းထားသည့် အစုအဖွဲ့၊ အပစ်ရပ်လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းလက်နက်ကိုင်အစုအဖွဲ့နှင့် နိုင်ငံရေးပါတီများအစုအဖွဲ့များမှ ကိုယ်စားလှယ် ၁၆ ဦးစီနှင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး(NCA)အရ ၂၀၁၆ ခုနှစ်ကတည်းက စတင်ဖွဲ့စည်းထားခြင်းဖြစ်သည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း UPDJC နိုင်ငံရေးအစုအဖွဲ့သည်ရပ်တန့်သွားပြီး ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် နိုဝင်ဘာလမှာ ရွေးကောက်ပွဲကော်မရှင်၏ အချိုးကျကိုယ်စားပြုစနစ်ဆွေးနွေးပွဲကို တက်ရောက်ခဲ့သည့် ပါတီ ၅၃ ပါတီမှ (၄)လသက်တမ်း ပြန်လည်ဖွဲ့စည်းခဲ့သည်။

လက်ရှိတွင် ၄ လသက်တမ်းကုန်ဆုံးခဲ့ပြီဖြစ်သည့်အတွက် ၂၀၂၃ ရွေးကောက်ပွဲပြီးသည်အထိ သက်တမ်းရှိမည့် အစုအဖွဲ့အသစ်ပြန်ရွေးချယ်မှုကို ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဧပြီလ ၂၇ ရက်နေ့က ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

Most read this week

December 23, 2025
အာရက္ခတပ်တော် ထိန်းချုပ်ထားသော ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်ဒေသများတွင် ယခု ရက်ပိုင်းအတွင်...
December 22, 2025
နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေကို ချိုးဖောက်နေသည့်...
December 19, 2025
မြောက်ဦးဖြစ်စဉ်နောက်ပိုင်း အာရက္ခတပ်တော် ထိန်ချုပ်ထားသည့် ရခိုင်ပြည်၊ မြို့နယ်များတွင် ယခုအခါ...
December 18, 2025
ရခိုင်ပြည်နှင့်အစပ် မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ နတ်ရေကန် ဗျူဟာကုန်းကို စစ်ကောင်စီသည် ပဒါန်းကနေ...