၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၀-၂၃ ရက်နေ့အထိ ချင်းအမျိူးသားအဖွဲ့ချုပ်၏ပထမအကြိမ်ညီလာခံကို ဌာနချုပ်ဖြစ်သော Chinram, Camp Rihli တွင် ကျင်းပခဲ့ရာ ချင်းလက်နက်ကိုင်အဖွဲ့များ ပူးပေါင်းကော်မတီဖြစ်သည့် ချင်းလက််နက်ကိုင်အဖွဲ့များပူးပေါင်းကော်မတီ(CJDC ) တွင် ပါဝင်သော မြို့နယ်၊ ဒေသအလိုက် ကာကွယ်ရေးတပ်ဖွဲ့များပူးပေါင်းကာ ချင်းပြည် လုံခြုံရေးအတွက် ထိရောက်သော လက်တွဲလုပ်ဆောင်မှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဖလမ်းမြို့နယ်အခြေစိုက် Chin National Organization အဖွဲ့မှ ယနေ့ဧပြီလ ၂၇ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။
အဆိုပါအစည်းအဝေးတွင် ချင်းအမျိူးသားအဖွဲ့ချုပ် (CNO)၊ ချင်းအမျိူးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF) မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ CNO/CNDF အကြံပေးပုဂ္ဂိုလ်များ၊ ပြည်တွင်း/ပြည်ပ Supporting Teams မှ ကိုယ်စားလှယ်များ၊ CDMers အစုအဖွဲ့မှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ပညာရှင်များ အပါအဝင် ညီလာခံကိုယ်စားလှယ် (၁၁၉)ဦးနှင့် စောင့်ကြည့်လေ့လာသူ (၈၀) ဝန်းကျင်ခန့်၊ စုစုပေါင်း (၂၀၀) ခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ချင်းအမျိူးသားအဖွဲ့ချုပ်၏ ပထမအကြိမ်မြောက် ညီလာခံအစည်းအဝေးတွင် ချင်းအမျိူးသားအဖွဲ့ချုပ်နှင့် ချင်းအမျိူးသားကာကွယ်ရေးတပ်ဖွဲ့ရှိ ဌာနအသီးသီး၏ တစ်နှစ်တာလုပ်ငန်းများ အစီရင်ခံခြင်း၊ ဘဏ္ဏာရေးအစီရင်ခံစာတင်သွင်းခြင်း၊ တစ်နှစ်တာလုပ်ငန်း ဆောင်ရွက်မှုများအပေါ် ပြန်လည်သုံးသပ်ခြင်းနှင့် ရှေ့ဆက်ရမည့်လုပ်ငန်းစဉ်များ ဆွေးနွေးခဲ့ကြကြောင်းနှင့် အာဏာရှင်စနစ် အမြစ်ပြတ်ဖျက်သိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီရရှိရေးအတွက် လိုအပ်သော ပြည်သူ့အုပ်ချူပ်ရေးအား CNO/CNDF စိုးမိုးနယ်မြေတွင် အမြန်ဆုံးအကောင်အထည်ဖော်ရန် မူဝါဒများနှင့် စီမံကိန်းများ ချမှတ်နိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါဝင်သည်။
ဆက်လက်၍ CNO/CNDF အနေဖြင့် နွေဦးတော်လှန်ရေးအတွင်း အရေးကြီးအခန်းကဏ္ဍတွင် ပါဝင်သည့် CDMers များနှင့်အတူ ချင်းပြည်ထောင်တည်ထောင်ရာတွင် အတူတကွ လက်တွဲဆောင်ရွက်သွားမည်ဖြစ်ပြီး စစ်အာဏာရှင်စနစ်အား သက်ဆိုးရှည်တည်တံ့စေသော ဒေါက်တိုင်များဖြစ်ကြသည့် Non-CDMer များအား ထိထိရောက်ရောက် အရေးယူဆောင်ရွက်ရန် ဆုံးဖြတ်ကြကြောင်းနှင့် CNO/CNDF စိုးမိုးနယ်မြေအတွင်း တင်ဒါလျှောက်ခြင်း၊ လုပ်ငန်းဆောင်ရွက်များကို လုံးဝ(လုံးဝ) ပိတ်ပင် တားမြစ်ပြီး လုပ်ငန်းဆောင်ရွက်များရှိခဲ့ပါက CNO/CNDF ၏ မူဝါအတိုင်း အရေးယူဆောင်ရွက်မှုများ လုပ်ဆောင်ရန် ဆုံးဖြတ်ချက်ချမှတ်ကြောင်းလည်း ထုတ်ပြန်သည်။
နောက်ဆုံးအချက်တွင်မူ စစ်အာဏာရှင်စနစ်အမြစ်ပြတ် တိုက်ဖျက်ရေးကာလတွင် စစ်အာဏာရှင်နှင့် လက်တွဲပူးပေါင်းသည့် မည်သည့်ပုဂ္ဂိုလ်၊ မည်သည့်အဖွဲ့စည်းမဆို အာဏာရှင်နှင့်တတန်းတည်းထားကာ အရေးယူမှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ချင်းအမျိုးသားအဖွဲ့ချုပ်(CNO) မှထုတ်ပြန်ထားသည်။







