စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့နယ်အတွင်းရှိ တမူး-အောင်ဇေယျ ကာလမ်းပိုင်း၌ တပ်ချိန်း အပြောင်းအလဲပြုလုပ်နေသည့်စစ်ကောင်စီယာဉ်တန်းအား ဧပြီလ ၂၃ရက်နေ့ နေ့လယ်ပိုင်းတွင် ကြားဖြတ်ခြုံခိုတိုက်နိုင်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်(၁၅)ဦးခန့် သေဆုံးကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့PDF(တမူးမြို့)တပ်ရင်း-၁ က သတင်းထုတ်ပြန်ထားသည်။
အဆိုပါ ထုတ်ပြန်ချက်တွင် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့(တမူးမြို့)တပ်ရင်း-၁နှင့်တပ်ရင်း-၂ ပူးပေါင်းတပ်ဖွဲ့ဝင်များသည် တပ်တွင်း ဖရဲသီးသတင်းပေးမှုအရ တမူး-အောင်ဇေယျကားလမ်းပိုင်း၌ တပ်အချိန်းအပြောင်းပြုလုပ်နေသည့်စစ်ကောင်စီယာဉ်တန်းအား ဧပြီလ (၂၃)ရက်နေ့ နေ့လယ် ၂နာရီ၁၉မိနစ်မှ ၂နာရီ၄၀မိနစ်တွင်တစ်ကြိမ်း၊ ညနေ ၃နာရီ၂၂မိနစ်မှ ၃နာရီ ၅၄ မိနစ်တွင်တစ်ကြိမ် ထိတွေ့တိုက်ပွဲ(၂)ကြိမ်ဖြစ်ပွားခဲ့ကြောင်းပါရှိသည်။
အဆိုပါ တိုက်ပွဲများတွင် စစ်ကောင်စီတပ်သား(၁၅)ဦးခန့်သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ အများအပြားဖြင့်တမူးမြို့တွင်းသို့ကားများ၊ ဆိုင်ကယ်များဖြင့် ကစဉ့်ကလျားဆုတ်ခွာခဲ့ကြပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(တမူးမြို့)မှ ထိုခိုက်ဒဏ်ရာရရှိသူမရှိကြောင်းပါရှိသည်။
ထို့အပြင် တမူး-အောင်ဇေယျကားလမ်းပိုင်းအား နယ်မြေရှင်းလင်းရေးနှင့် ယာဉ်စစ်ဆေးရေး လုပ်ငန်းစဉ်များကို ဆက်လက်ဆောင်ရွက်မည်ဖြစ်ပြီး စစ်အာဏာရှင်စနစ်အပြီးတိုင် ချုပ်ငြိမ်းရေး အတွက် ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။
စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့နယ် တမူး-အောင်ဇေယျကားလမ်းပိုင်း အသုံးပြုခြင်း မတ်လ(၃၀)ရက်နေ့မှစပြီး ည(၇)နာရီမှမနက်(၆)နာရီအတွင်းဖြတ်သန်းသွားလာခြင်းမပြုရအပါအဝင် အချက်(၅)ချက်ဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ကန်သတ်ထားကြောင်းသိရပြီး အဆိုပါလမ်းပိုင်း၌ ဧပြီလ(၇)ရက်နေ့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား(၃)ဦး သေဆုံးခဲ့ကြောင်းသိရသည်။







