ခရီးသွားလာသူများ မှတ်ပုံတင်မပါလျှင် ငွေတောင်းခံမှုပြုလုပ်နေ

ခရီးသွားလာသူများ မှတ်ပုံတင်မပါလျှင် ငွေတောင်းခံမှုပြုလုပ်နေ

ယခု ဧပြီလကစပြီး သျှမ်းပြည်အတွင်း ခရီးသွားလာသူများ မှတ်ပုံတင်မယူဆောင်သွားလျှင် စစ်ကောင်စီ အုပ်စုက ငွေတောင်းခံမှုပြုလုပ်နေကြောင်း စုံစမ်းသိရှိရသည်။

ဧပြီလကစပြီး သျှမ်းပြည်အတွင်း မြို့နယ်များရှိ မြို့ဝင်မြို့ထွက်များတွင် စစ်ကောင်စီ လက်အောက်ခံ ဌာနဆိုင်ရာများက မှတ်ပုံတင်နှင့် ကိုဗစ် ၁၉ ကာကွယ်ဆေးထိုးထားခြင်း ရှိ၊ မရှိကို စစ်ဆေးနေလျက်ရှိကြောင်း သိရသည်။

“သူတို့ ၁ ရက်နေ့ကနေပြီးတော့ စပြီးစစ်ဆေးနေပါတယ်။ အဓိကတော့ မှတ်ပုံတင်တောင်းကြည့်တယ်။ ပြီးတော့ ကိုဗစ် ၁၉ ကာကွယ်ဆေးထိုးပြီးတဲ့ စာရွက်ကို တောင်းကြည့်တယ်။ တကယ်လို့ မှတ်ပုံတင်မပါရင်တော့ ပိုက်ဆံတွေပေးနေရတာလည်းရှိတယ် လို့ ပြောတယ်။ ကျနော့ကားနဲ့တော့ မကြုံရသေးဘူး။ ပေးရတဲ့သူတွေက ပြောကြတာ” ဟု မူဆယ် – မန္တလေး လိုင်းကားပြေးဆွဲသည့် အမျိုးသားက ပြောသည်။

ယခင်က ခရီးသွားလာသူများထံတွင် ခရီးသွားထောက်ခံစာနှင့် ကိုဗစ် ၁၉ ကာကွယ်ဆေး ထိုးပြီးကြောင်း စာရွက်ကိုသာ စစ်ဆေးပြီး ယခုနောက်ပိုင်း မှတ်ပုံတင်ကို အဓိကထား စစ်ဆေးမှုပြုလုပ်ကြောင်း လားရှိုးမြို့ဒေသခံ တစ်ဦးက ပြောသည်။

“အရင်ကတော့ ခရီး ဘာညာသွားရင်တော့ ထောက်ခံစာနဲ့ ကာကွယ်ဆေးထိုးပြီးကြောင်း ရှိရင် ရတယ်လေ။ အခုတော့ မှတ်ပုံတင်ကို ပိုစစ်တယ်။ မှတ်ပုံတင်ရှိတာနဲ့တင် ထောက်ခံစာတွေ ကာကွယ်ဆေးတွေကို မစစ်တော့ဘူး။ မှတ်ပုံတင် တစ်ခုတည်းကိုပဲ ဦးတည်ပြီး စစ်နေကြတာ” ဟု လားရှိုးမြို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

အလားတူ သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ် အဝင်အထွက်တွင်လည်း မှတ်ပုံတင် အပြင် ကိုဗစ် ၁၉ ကာကွယ်ဆေးများကို စစ်ဆေးနေပြီး ရဲများလည်း စောင့်ကြည့်စစ်ဆေးနေလျက်ရှိကြောင်း သိရသည်။

“ကျနော်တို့က မြို့ဝင်မြို့ထွက်တွေမှာ စောင့်ပြီး စစ်ဆေးနေပါတယ်။ လာစောင့်စစ်ဆေးနေတဲ့သူတွေကတော့ ဌာနဆိုင်ရာအားလုံးပါတယ်။ ကျန်းမာရေးပိုင်းကော၊ မီးသတ်ပိုင်းကော၊ ရဲတွေနဲ့ကော ကျနော်တို့ လမ်းမှာ စောင့်ကြည့်စစ်ဆေးနေပါတယ်” ဟု ညောင်ရွှေမြို့နယ် ဂိတ်တွင် စောင့်ကြည့်စစ်ဆေးနေသည့် အမျိုးသားက ပြောသည်။

ဧပြီလ ၁ ရက်နေ့က စပြီး ခရီးသွားပါက နိုင်ငံသားကတ် (မှတ်ပုံတင်) တရားဝင်ထုတ်ထားသည့် မှတ်ပုံတင်ဖြင့်သာ အသုံးပြုရန် စစ်ကောင်စီလက်အောက်ခံ လူဝင်မှု ကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

May 9, 2026
စစ်အစိုးရ ၏ ရက် ၁၀၀ စီမံချက်ကြောင့် သျှမ်းပြည်အတွင်းသို့ တင်သွင်းကုန်များ ရပ်တန့်နေပြီး...
May 8, 2026
သျှမ်းပြည်တောင်ပိုင်း ၊ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းကြေးကို ယခင်ကထက်...
May 7, 2026
စိုင်းဟန်လင်း — သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင်...
May 6, 2026
စိုင်းဆိုင်အိုက် — မိုင်းပန်မြို့နယ် တောထဲတွင် တရုတ်နိုင်ငံသား အွန်လိုင်းလိမ်လည်သူ ကျားဖြန့်သမား...