ရပ်စောက်မြို့နယ် နေရပ်မပြန်စစ်ရှောင်များ စားဝတ်နေရေးခက်ခဲနေဆဲ

ရပ်စောက်မြို့နယ် နေရပ်မပြန်စစ်ရှောင်များ စားဝတ်နေရေးခက်ခဲနေဆဲ

သျှမ်းပြည်တောင်ပိုင်း ရပ်စောက်မြို့နယ် ကျိုင်းခမ်းတိုက်နယ်အတွင်း ကျန်ရှိနေသေးသည့် ကျောက်မဲစစ်ရှောင် သက်ကြီးရွယ်အို၊ ကလေး နှင့် အမျိုးသမီးများအတွက် စားဝတ်နေရေးခက်ခဲနေသေးကြောင်း စုံစမ်းသိရှိရသည်။

ထိုကျန်ရှိနေသည့် စစ်ရှောင်များနေထိုင်သည့်နေရာသည် မြို့နှင့် မိုင် ၅၀ ကွာ၀ေးသဖြင့် အလှူရှင်များလည်း နည်းပါးသောကြောင့် စားဝတ်နေရေးခက်ခဲလာကြောင်း စစ်ဘေးရှောင် ကူညီပေးသူများက ပြောသည်။

“ သူတို့နေတဲ့ နေရာကဝေးတယ်။ ရပ်စောက်နဲ့ဆို မိုင် ၅၀ လောက်ဝေးတယ်။ ဖြတ်လမ်းလည်း ၃၈ မိုင်လောက်ဝေးတယ်။ ပြီးတော့ လမ်းကလည်း ကြမ်းတယ်။ စစ်ရှောင်တွေအများစုတော့ အသက်ကြီးတဲ့သူတွေ၊ အမျိုးသမီးတွေ၊ ကလေးတွေပဲ ကျန်တာများတယ်။ သူတို့က အခု စားဝတ်နေရေးအတွက် ခက်ခဲတယ်” ဟု စစ်ရှောင်များကို သွားကူညီပေးသည့် စိုင်းဦး က ပြောသည်။

အဆိုပါ စစ်ရှောင်များသည် ဇန်နဝါရီလပိုင်းကတည်းက ထွက်ပြေးတိမ်းရှောင်လာခဲ့ကြကာ လက်ရှိတွင် (၃၀)ဦးသာ ကျန်ရှိနေပြီး စားဝတ်နေရေးအတွက် ခက်ခဲနေကြောင်း သိရသည်။

ကျန်ရှိနေသည့် စစ်ရှောင်များသည်သက်ကြီးရွယ်အိုများ၊ ကလေးများ နှင့် အမျိုးသမီးများသာ ကျန်ရှိကာ သွားလာရန်ခက်ခဲသောကြောင့် နောက်ထပ်တစ်နေရာသို့ ပြောင်းရွှေ့သွားခြင်းမပြုတော့ကြောင်း သိရသည်။

“ကျန်နေတဲ့ စစ်ရှောင်တွေကတော့ ထပ်ပြေးဖို့ အားလည်း မရှိတော့ဘူးတဲ့။ သူတို့နေဖို့ တဲလေးဆောက်ဖို့တောင် မလွယ်ဘူး။ အများစုက ကလေးတွေ၊ လူကြီး ပြီးတော့ အမျိုးသမီးတွေဖြစ်တယ်လေ။ လူငယ်၊ အမျိုးသားတွေလည်း သိပ်မရှိဘူး။ သုံးဖို့ရေတွေလည်း အခက်ခဲရှိတယ်” ဟု စိုင်းဦးက ပြောသည်။

အဆိုပါ စစ်ရှောင်များသည် တိုင်းရင်းသားလက်နက်ကိုင် အချင်းချင်းတိုက်ပွဲကြောင့် ထွက်ပြေးလာသည့်သူများ ဖြစ်ကြသည်။

May 9, 2026
စစ်အစိုးရ ၏ ရက် ၁၀၀ စီမံချက်ကြောင့် သျှမ်းပြည်အတွင်းသို့ တင်သွင်းကုန်များ ရပ်တန့်နေပြီး...
May 8, 2026
သျှမ်းပြည်တောင်ပိုင်း ၊ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းကြေးကို ယခင်ကထက်...
May 7, 2026
စိုင်းဟန်လင်း — သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင်...
May 6, 2026
စိုင်းဆိုင်အိုက် — မိုင်းပန်မြို့နယ် တောထဲတွင် တရုတ်နိုင်ငံသား အွန်လိုင်းလိမ်လည်သူ ကျားဖြန့်သမား...