SNLD ရပ်တည်ချက်အတိုင်း ငွေစာရင်းကို UEC ထံ သွားရောက်စစ်ဆေးခံမည် မဟုတ်

SNLD ရပ်တည်ချက်အတိုင်း ငွေစာရင်းကို UEC ထံ သွားရောက်စစ်ဆေးခံမည် မဟုတ်

စစ်ကောင်စီလက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်(UEC)ထံ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်(SNLD)က ရပ်တည်ချက်အတိုင်း ငွေစာရင်းသွားရောက်စစ်ဆေးခံမည်မဟုတ်ကြောင်း သတင်းရရှိသည်။

SNLD နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီတို့သည် UEC ညွှန်ကြားချက်အတိုင်း စစ်ဆေးခံခြင်း မရှိခဲ့သည့်အတွက် UEC က မတ် ၂၇ ရက် နောက်ပိုင်း အရေးယူမည်ဖြစ်ကြောင်း ယမန်နေ့ (မတ် ၂၄ ရက်) သတင်းစာရှင်းလင်းပွဲတွင် UEC က ထပ်မံကြေညာခဲ့သည်။

ထိုပါတီ (၂)ခုကို မတ် (၉)ရက် နောက်ဆုံးထားပြီး UEC ရုံးထံ လာရောက်စစ်ဆေးခံရန် အကြောင်းကြားခဲ့သော်လည်း ပျက်ကွက်ခဲ့သည့်အတွက် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၂၄ ပုဒ်မခွဲ ဂ၊ ဃ၊ င တို့အရ အရေးယူမည်ဖြစ်ကြောင်း UEC အဖွဲ့၀င် ဦးခင်မောင်ဦး က ပြောသည်။

ထိုကိစ္စနှင့်ပတ်သက်ပြီး SNLD ပါတီ အထွေထွေအတွင်းရေးမှူး စိုင်းလိတ် က “ကျနော်တို့ရဲ့ CEC ဆုံးဖြတ်ချက် အတိုင်းပဲ ဆက်လက်ရပ်တည်မှာဖြစ်ပါတယ်။ အပြောင်းအလဲမရှိပါဘူး ခင်ဗျာ။ အရေးယူရမယ့်အပိုင်းက သူတို့အပိုင်းပေါ့။ ကျနော်တို့ရပ်တည်ချက်အတိုင်းပဲ ဆက်လက်ပြီးတော့မှ ရင်ဆိုင်သွားမှာ ဖြစ်ပါတယ်။ သွားရောက် အစစ်ခံဖို့ အစီစဉ်မရှိပါဘူးခင်ဗျာ”ဟု သျှမ်းသံတော်ဆင့် ကို ပြောသည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် (UEC) အနေဖြင့် ပါတီ၏ ငွေစာရင်းစစ်ဆေးရန် လိုအပ်ပါက ပါတီရုံးသို့ လာရောက်စစ်ဆေးနိုင်ကြောင်း (SNLD)ပါတီက မီဒီယာများတွင် ဖြေကြားထားသည်။

“သူတို့ဥပဒေအရ ပြောနေတယ်ဆိုပေမယ့်လို့ အဲ့ဒီဥပဒေဟာ သူတို့အနေနဲ့ ကျင့်သုံးပိုင်ခွင့်ရှိလား မရှိလား၊ နောက် နိုင်ငံရေးအခြေနေနဲ့ ကိုက်ညီမှု ရှိလား မရှိလား အစရှိသဖြင့် ပြန်လည်သုံးသပ်ဖို့ လိုအပ်တယ်။ အဲ့ဒါတွေကို မသုံးသပ်ပဲနဲ့ လုပ်ပိုင်ခွင့်ရှိတာမို့လို လုပ်လိုက်တာပဲဆိုလို့ရှိရင် ဒါဘယ်ဘက်အတွက်မှမကောင်းဘူးဆိုတာ ဒီလောက်ပဲ ဖြည့်ပြောချင်ပါတယ်” ဟု စိုင်းလိတ် က ထပ်လောင်းပြောသည်။

စစ်ကောင်စီ ပြန်လည်ဖွဲ့စည်းထားသည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ တာဝန်ရှိသူများသည် နိုင်ငံရေးပါတီများ၏ ပါတီဝင်အင်အား၊ ပါတီပိုင်ရန်ပုံငွေ နှင့် ပစ္စည်းများ စုဆောင်းခြင်း၊ ထိန်းသိမ်းခြင်း၊ သုံးစွဲခြင်း၊ စစ်ဆေးခြင်းတို့ကို ကော်မရှင်ရုံးတွင် လာရောက်စစ်ဆေးမှု ခံယူရမည်ဟု ဖေဖော်၀ါရီလ က ထုတ်ပြန်ခဲ့သည်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD)ပါတီသည် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် မဲအများဆုံး အနိုင်ရရှိထားသည့် ပါတီကြီးတစ်ခုဖြစ်ပြီး စစ်ကောင်စီ လက်အောက်ကျင်းပမည့် ရွေးကောက်ပွဲတွင် SNLD ပါတီ ၀င်ရောက်မယှဥ်ပြိုင်နိုင်ရန် ကြိုတင်တားဆီးနေသည့်သဘောဖြစ်ကြောင်း သျှမ်းလူထုများက ပြောသည်။

May 9, 2026
စစ်အစိုးရ ၏ ရက် ၁၀၀ စီမံချက်ကြောင့် သျှမ်းပြည်အတွင်းသို့ တင်သွင်းကုန်များ ရပ်တန့်နေပြီး...
May 8, 2026
သျှမ်းပြည်တောင်ပိုင်း ၊ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းကြေးကို ယခင်ကထက်...
May 7, 2026
စိုင်းဟန်လင်း — သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင်...
May 6, 2026
စိုင်းဆိုင်အိုက် — မိုင်းပန်မြို့နယ် တောထဲတွင် တရုတ်နိုင်ငံသား အွန်လိုင်းလိမ်လည်သူ ကျားဖြန့်သမား...