စစ်ကောင်စီ ရိက္ခာတင် သင်္ဘော နှစ်စီးကို မြို့လှ PDF တိုက်

စစ်ကောင်စီ ရိက္ခာတင် သင်္ဘော နှစ်စီးကို မြို့လှ PDF တိုက်

စစ်ကောင်စီတပ်စစ်ကြောင်းနှင့် ၎င်းတို့၏ ရိက္ခာတင်သင်္ဘော ၂ စီးကို စစ်ကိုင်းနှင့် ကချင်ပြည်နယ် အစပ်တွင် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က သေဆုံးထိခိုက်ဒဏ်ရာရရှိမှုများ ရှိခဲ့သည်ဟု မြို့လှ PDF အဖွဲ့က ပြောသည်။

မတ်လ ၂၃ ရက်နေ့ (ယနေ့) နံနက်အစောပိုင်းတွင် စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ်အစပ်ရှိ ချောင်းဝကျေးရွာ အစပ်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု မြို့လှ PDF အဖွဲ့တာဝန်ရှိသူ တစ်ဦးက ပြောသည်။

“၆ နာရီလောက်ကပေါ့ ၆ နာရီမထိုးခင်ပေါ့ အဲ့မှာ ဒီကောင်တွေက သင်္ဘော ဒီမြစ်ကမ်းဘေးမှာ လုံခြုံရေးပေး တဲ့ အဖွဲ့ကို မြို့လှ PDF က မိုင်းဆွဲလိုက်တာပါ။ မိုင်းဆွဲတာ မိုင်း ၈ လုံးဆွဲပေးလိုက်တာ သူတို့တော်တော်လေး အထိနာသွားတာပါ့။ လူအင်အား ၅၀ လောက် ခွေးတွေလုံခြုံရေးအတွက် ယူထားတဲ့လူတွေ ထိသွားတာပါ။ သေဆုံး တာက ၂ ယောက်လို့ ပြောတာပဲ။ စက်လှေနဲ့သယ်သွားတာလည်း ရှိတယ်။ အတိအကျတော့ သေချာ မသိသေးဘူး။”

အင်အား ၅၀ ခန့်ရှိသည့် စစ်ကောင်စီတပ်သည် မင်းကျောင်းကုန်းကျေးရွာမှ ချောင်းဝကျေးရွာဖက်သို့ ကန် ဘောင်လမ်းအတိုင်း ထွက်ခွာစဥ် လမ်းခုလတ် တောစပ်တနေရာ၌ ဗိုလ်မိုဃ်းကြိုး ဦးဆောင်သည့် မြို့လှ PDF တပ်မှ မိုင်း ၈ လုံးဖြင့် စောင့်ကြိုမိုင်းဆွဲ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

စစ်ကောင်စီဘက် ၂ ဦး ပွဲချင်းပြီး သေဆုံးပြီး ၅ ဦးထက်မနည်းလည်း ဒဏ်ရာအပြင်းအထန် ရရှိခဲ့သည်ဟု မြို့လှ PDF အဖွဲ့က ထုတ်ပြန်ထားသည်။

ထို့အပြင် ကချင်ပြည်နယ် ရွှေကူမြို့မှ စုန်ဆင်းလာသည့် စစ်ကောင်စီ၏ ရိက္ခာတင်သင်္ဘော ၂ စီးကိုလည်း ကျောက်ကြီးကျေးရွာအကျော်တွင် မြို့လှ PDF အဖွဲ့က တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

မြို့လှ PDF တာဝန်ရှိသူက “သူတို့ ဗန်းမော်က ဆင်းလာကတည်းက အဲ့ကတည်းက သူတို့လာနေပြီ ဆိုတာကို သိတာကြီးကိုပါ့။ ရွှေကူက အထွက်ကို တစ်ခါပြန်လုပ်တာပါ့။ PDF တွေဘက်က ထိခိုက်တာမရှိဘူးလေ။ ကျနော်တို့ဘက်က ပျောက်ကျားစနစ်ဆိုတော့လေ။ အဲ့လိုမျိုးပါ့” ဟု ဒေသ လေသံဖြင့် ဆက်ပြောသည်။

ယနေ့ မြို့လှ PDF အဖွဲ့က တိုက်ခိုက်ခဲ့သည့် စစ်ကောင်စီတပ်၏ ရိက္ခာတင် သင်္ဘောနှစ်စီးသည် ဗန်းမော်မြို့မှ မတ်လ ၂၂ ရက်နေ့တွင် စုန်ဆင်းလာပြီးနောက် ရွှေကူမြို့တွင် ညအိပ်ရပ်နားခဲ့သည့် သင်္ဘောနှစ်စီး ဖြစ်သည်။

အဆိုပါ သင်္ဘော ၂စီး အောက်ဖက်သို့ စုန်ဆင်းလာစဉ် မြို့လှ PDF တပ်ဖွဲ့က လမ်းခုလတ်တွင် စောင့်ကြိုတိုက် ခိုက်ခဲ့ခြင်း ဖြစ်သည်။ ယနေ့မွန်းလွဲ ၁ နာရီ ၄၅ မိနစ်ခန့် အချိန်ခန့်တွင် ကျောက်ကြီးရွာအနီးတွင် ဗိုလ်စနေ ဦးဆောင်သည့် မြို့လှ PDF တပ်က 79 လက်ထောက်တွဲများ၊ ကျည်ငယ်များဖြင့် အသာစီးရယူကာ စောင့်ကြို ပစ်ခတ် တိုက်ခိုက်ခဲ့သည်ဟု မြို့လှ PDF အဖွဲ့က ထုတ်ပြန်ထားသည်။

စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ်အစပ်မြို့များ ဖြစ်ကြသည့် ကသာမြို့နယ်၊ ရွှေကူမြို့နယ်၊ ဗန်းမော်မြို့နယ် အတွင်းက ဧရာဝတီမြစ်ကြောင်းတစ်လျှောက်တွင် စစ်ကောင်စီတပ်၏ စားနပ်ရိက္ခာနှင့် လက်နက်များ တင် ဆောင်လာသည့် စစ်ရေယာဉ်များ ယခုလအတွင်း မကြာခဏဆိုသလို ပစ်ခတ်တိုက်ခိုက်ခံနေရသည်။

Most read this week

ဓါတ်ပုံ - Soe Than WIN/AFP via Getty Images
July 25, 2026
စစ်တပ် ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့နယ်အတွင်း အခုရက်ပိုင်းအတွင်း စစ်တပ်က...
July 25, 2026
ရခိုင်ပြည်၊ သံတွဲမြို့တွင် ဇူလိုင်လ ၂၄ ရက်နေ့က စစ်တပ်၏ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့်...
July 21, 2026
စစ်အာဏာသိမ်းပြီးချိန်မှ စ၍ မြန်မာနိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်များတွင် လုံလောက်သော ကျန်းမာရေး...
July 20, 2026
စစ်တပ်က အခိုင်အမာ တပ်စွဲထားသည့် ရခိုင်ပြည်၊ စစ်တွေမြို့နယ်၊ ရေချမ်းပြင်နှင့် ကျက်တောပြင်ကျေးရွာ...