မာန်အောင်တွင် ဟိုတယ်ဝန်ထမ်းသေဆုံးခဲ့မှုကို စစ်ဆေးပေးရန် နေပြည်တော် မှုခင်းဌာနနှင့် ရဲဌာနချုပ်ထိ တိုင်ကြား

မာန်အောင်တွင် ဟိုတယ်ဝန်ထမ်းသေဆုံးခဲ့မှုကို စစ်ဆေးပေးရန် နေပြည်တော် မှုခင်းဌာနနှင့် ရဲဌာနချုပ်ထိ တိုင်ကြား

ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်တွင် အသစ်ဖွင့်လှစ်ခဲ့သည့် ဟိုတယ်ဧရိယာထဲ၌ ဟိုတယ်ဝန်ထမ်းတစ်ဦး သေဆုံးခဲ့မှုနှင့်ပတ်သတ်ပြီး လက်ရှိစုံစမ်းစစ်ဆေးမှုများကို အားရကျေနပ်မှုမရှိဟုဆိုကာ မိသားစုဝင်များမှ နေပြည်တော်ရှိ မှုခင်းဌာနနှင့် ရဲဌာနချုပ်ထိ တိုင်ကြားစာပေးပို့လိုက်ကြောင်း သိရသည်။

အဆိုပါဟိုတယ်ဝန်ထမ်းသေဆုံးခဲ့သည်မှာ တစ်လကျော်ကြာမြင့်လာသော်လည်း လက်ရှိအချိန်ထိ သဲလွန်စ တစ်စုံတစ်ရာမတွေ့ရခြင်းကြောင့် အမှုမှန်ပေါ်ပေါက်စေရန် နေပြည်တော်ထိတိုင်ကြားရခြင်းဟု သေဆုံးသူ၏ မိသားစုကဆိုသည်။

ယင်းသို့တိုင်ကြားစာကို နေပြည်တော်ရှိ မြန်မာနိုင်ငံမှုခင်းဌာနနှင့် ရဲဌာနချုပ်တို့ကို လိပ်မူတစ်ခုစီဖြင့် မတ်လ ၂၁ ရက်နေ့က ပေးပို့တိုင်ကြားခဲ့သည်ဟု သေဆုံးသူနှင့်ဆွေမျိုးတော်စပ်သည့် မာန်အောင်မြို့နယ်မှ လွှတ်တော်အမတ်ဟောင်း ဦးကျော်သန်းကပြောသည်။

“အကြောင်းပြချက်ကတော့ လက်ရှိတာဝန်ရှိသူတွေအနေနဲ့ အဲဒီအမှုကို ကိုင်တွယ်ဖြေရှင်းနေတာဟာ အားရကျေနပ်မှုမရှိတဲ့အတွက် အထက်ကိုတိုင်ကြားရတာဖြစ်တယ်”ဟု ၎င်းကဆိုသည်။

မာန်အောင်မြို့နယ်၊ ကအီးကျေးရွာအနီးတွင် ဖွင့်လှစ်ခဲ့သောဟိုတယ်၌ စားဖိုမှူးအဖြစ်လုပ်ကိုင်ခဲ့သည့် အသက် ၂၁ နှစ်အရွယ် ကိုမင်းထက်ဝေမှာ ဖေဖော်ဝါရီလ ၅ ရက်နေ့က ဟိုတယ်ဇုန်အတွင်းရှိဆည်ထဲတွင် ဒဏ်ရာများဖြင့်သေဆုံးလျက် တွေ့ရှိခဲ့ကြောင်း မိသားစုကပြောဆိုသည်။

၎င်းဟိုတယ်ဝန်ထမ်းမှာ ဖေဖော်ဝါရီလ ၂ ရက်နေ့ညည့်အချိန်၌ ဟိုတယ်ဝန်ထမ်းများနေထိုင်ရာနေရာမှ ပျောက်ဆုံးသွားခဲ့ပြီးနောက် ယင်းသို့သေဆုံးလျက်တွေ့ခဲ့ခြင်းဖြစ်သည်။ သေဆုံးသူ၏ ရုပ်အလောင်းကို မာန်အောင်မြို့နယ်ဆေးရုံသို့ပို့ဆောင်ပြီး စစ်ဆေးခဲ့သည်။

ကိုမင်းထက်ဝေသေဆုံးမှုနှင့်ပတ်သက်ပြီး မာန်အောင်မြို့နယ်ရဲစခန်းတွင် ရာဇသတ်ကြီးဥပဒေပုဒ်မ- ၃၀၂ ဖြင့် အမှုဖွင့်လှစ်ထားပြီး သံသယရှိသူများကို ရဲကခေါ်ယူစစ်ဆေးလျက်ရှိနေသည်။

သို့သော် ဟိုတယ်ဝန်ထမ်းသေဆုံးမှုမှာ တစ်လကျော်ကြာသည့်တိုင် ထူးခြားမှုတစ်စုံတစ်ရာမရှိသေးကြောင်းနှင့် ရဲမှပြောသည့်ဆေးစာနှင့် ဆရာဝန်ဆေးစာတို့မှာလည်း ကွဲလွဲမှုရှိနေသည်ဟု သေဆုံးသူ၏မိသားစုဝင်များက ပြောဆိုကြသည်။

“ဆရာဝန်ဆေးလက်မှတ်နဲ့ ရဲကပြောတဲ့ဆေးလက်မှတ်တွေဟာလည်း ကွဲလွဲမှုတွေရှိနေတယ်။ အဲဒီလို ကွဲလွဲနေတော့ မိသားစုဝင်တွေအနေနဲ့ ပေါက်ကွဲတယ်ပေါ့။ ကျနော်တို့ကတော့ အမှုမှန်ပေါ်ပေါက်ဖို့ အမြန်ဆုံး ဆောင်ရွက်ပေးစေချင်တယ်။ အထက်ကိုတော့တိုင်ကြားထားပြီး ဆောင်ရွက်ပေးမယ်၊ မပေးဘူးဆိုတာကတော့ အထက်ကအာဏာပိုင်တွေနဲ့ပဲ သက်ဆိုင်သွားပြီ”ဟု ဦးကျော်သန်းကပြောသည်။

သေဆုံးသူ၏မိသားစုဝင် ဦးကျော်ရင်ဦးကလည်း “ဆရာဝန်ဆေးစာထဲမှာတော့ ရေနစ်သေဆုံးပါတယ်လို့ မတွေ့ရဘူး။ အသဲတွေရောင်နေပြီး လည်ပင်းနားက ဒဏ်ရာအနက်တွေကလဲ သုညဒသမတစ်လက်မ ရှိတယ်လို့ပါတယ်”ဟု ပြောသည်။

ယင်းသို့ဆေးစာကွဲလွဲမှုရှိသည်ဟု ပြောဆိုချက်အပါအဝင် လက်ရှိအမှုအခြေအနေနှင့်ပတ်သက်ပြီး မာန်အောင်မြို့နယ် ဆားချက်ရဲစခန်းမှ ရဲအုပ်နေလင်းထွန်းကိုဆက်သွယ်မေးမြန်းခဲ့ရာ မအားသေးဟုပြောသဖြင့် အချိန်စောင့်ဆိုင်းပြီး ထပ်မံဆက်သွယ်ခဲ့ရာ အဆက်အသွယ်မရရှိခဲ့ပါ။

လက်ရှိမှာ ဟိုတယ်ဝန်ထမ်းကိုမင်းထက်ဝေသေဆုံးခဲ့မှုတွင် ရဲမှခေါ်ယူစစ်ဆေးနေသည့် ဟိုတယ်လုံခြုံရေး ဝန်ထမ်းတစ်ဦးနှင့် သေဆုံးသူနှင့်တစ်ခန်းတည်းအတူအိပ်နေခဲ့သူ တစ်ဦးတို့ကို သဲလွန်စတစ်စုံတစ်ရာ မတွေ့ရသဖြင့် ပြန်လွှတ်ပေးထားပြီဟုလည်း သေဆုံးသူ၏မိသားစုဝင်များ၏ ပြောပြချက်အရသိရသည်။

မာန်အောင်မြို့နယ်၊ ကအီးကျေးရွာအနီးရှိဟိုတယ်ဇုန်ကို ယခုနှစ်ဇန်နဝါရီ လ ၂၆ ရက်နေ့ကဖွင့်လှစ်ခဲ့ပြီး ဟိုတယ်ဖွင့်ပြီးမကြာမီတွင် ဝန်ထမ်းတစ်ဦးသေဆုံးမှုဖြစ်ပေါ်ခဲ့သည်။ လက်ရှိတွင် အဆိုပါဟိုတယ်ကို ယာယီပိတ်ထားကြောင့်လည်း ဒေသခံများထံမှသိရသည်။

December 23, 2025
အာရက္ခတပ်တော် ထိန်းချုပ်ထားသော ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်ဒေသများတွင် ယခု ရက်ပိုင်းအတွင်...
December 22, 2025
နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေကို ချိုးဖောက်နေသည့်...
December 19, 2025
မြောက်ဦးဖြစ်စဉ်နောက်ပိုင်း အာရက္ခတပ်တော် ထိန်ချုပ်ထားသည့် ရခိုင်ပြည်၊ မြို့နယ်များတွင် ယခုအခါ...
December 18, 2025
ရခိုင်ပြည်နှင့်အစပ် မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ နတ်ရေကန် ဗျူဟာကုန်းကို စစ်ကောင်စီသည် ပဒါန်းကနေ...