လပွတ္တာတွင် လူငယ်တစ်ဦး စစ်ကြောရေးတွင် သေဆုံး

လပွတ္တာတွင် လူငယ်တစ်ဦး စစ်ကြောရေးတွင် သေဆုံး

လပွတ္တာမြို့တွင် လူငယ်တစ်ဦးကို စစ်ကောင်စီတပ်က PDF ဟု စွပ်စွဲကာ ရိုက်နှက် စစ်ဆေးရာမှ သေဆုံးသွားသည်ဟု သိရသည်။

ဧရာဝတီတိုင်း၊ လပွတ္တာမြို့ အမှတ် (၂) ရပ်ကွက်တွင် နေထိုင်သည့် အသက် ၁၉ နှစ် အရွယ်ရှိ စောမျိုးဆက်ကို စစ်ကောင်စီတပ်က မတ်လ ၁၅ ရက်နေ့တွင် PDF ဟုစွပ်စွဲကာ ဖမ်းဆီးစစ်ဆေးစဉ် မတ်လ ၁၇ ရက်နေ့ က သေ ဆုံးသွားခြင်း ဖြစ်သည်ဟု မြို့နယ် အထွေထွေ အုပ်ချုပ်ရေးရုံးနှင့် နီးစပ်သူများထံမှ သိရသည်။

“စစ်ကြောရေး လုပ်ရင်း ရိုက်နှက်ထားတဲ့ ဒဏ်ရာတွေက ခေါင်းရော မျက်နှာရောဘဲ၊ ခြေထောက် နှစ်ချောင်းက ပိုင်းပိုင်း ကျိုးပြီးသေတာ” ဟု မြို့နယ် အထွေထွေ အုပ်ချုပ်ရေးရုံးနှင့် နီးစပ်သူ တစ်ဦး က ပြောသည်။

လပွတ္တာမြို့ရှိ စစ်ကောင်စီ တပ်ဖွဲ့စခန်းချ တပ်စွဲထားသည့် သာသနာ့ဗိမာန်-စစ်ကြောရေးစခန်းတွင် ရိုက်နှက်စစ် ဆေးရာမှ သေဆုံးသွားခြင်း ဖြစ်သည်ဟု မြို့နယ် အထွေထွေ အုပ်ချုပ်ရေးရုံးနှင့် နီးစပ်သူတစ်ဦး က ပြောသည်။

ယင်းသေဆုံးမှု ပတ်သက်၍ စောမျိုးဆက်၏ မိဘ၊ ဆွေမျိုးများထံ မေးမြန်းရာ သေဆုံးသွားပြီဟုသာ ပြောကြား ပြီး အဘယ်ကြောင့် သေဆုံးသည်ကို မပြောကြကြောင်းရပ်ကွက်အတွင်း နေထိုင်သူများထံမှ သိရသည်။

မြို့ခံ ဦးကိုကိုလင်း က “မိသားစုကို စစ်တပ်က ခြိမ်းခြောက်ထား ပုံရတယ်။ ရပ်ကွက်သူ ရပ်ကွက်သားတွေကို ကောင်လေး မိဘဆွေမျိုးတွေက ဆက်ဆံပြောဆိုတာကျဲ သွားတယ်” ဟု ပြောသည်။

စစ်ကောင်စီတပ်က သေဆုံးသူ လူငယ်၏ ရုပ်အလောင်းကို လပွတ္တာမြို့သုသာန်တွင် မတ်လ ၁၈ ရက်နေ့က တိတ်တဆိတ် မီးသဂြိုလ်ခဲ့ကြသည်ဟု မြို့ခံအချို့က ပြောသည်။

လပွတ္တာမြို့လယ်ရှိ သာသနာ့ဗိမာန်တွင် စစ်တပ်က  စစ်ကြောရေးစခန်း ဖွင့်လှစ်ထားပြီး ညဘက်တွင်  ညှင်းပန်း နှိပ်ခံရသဖြင့် နာကျင်အော်ဟစ်သံများကို အနီးအနားနေသူများက မကြာခဏ ကြားနေရသည်ဟု စုံစမ်း သိရ သည်။

May 4, 2026
ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၆) နယ်မြေ၊ ဘုရားသုံးဆူမြို့အနီးရှိ မက္ကသာသတ္တုခဲမိုင်း...
May 1, 2026
တနင်္သာရီတွင် ရဟတ်ယာဉ်ကွင်းဆောက်ရန် ရွာသား ၁၅ ဦးပိုင် မြေနှင့်အိမ်များကို စစ်တပ်က...
April 30, 2026
စက်သုံးဆီရှားပါးမှုကြောင့် တနင်္သာရီတိုင်း အတွင်း ကမ်းနီး ငါးဖမ်းလုပ်ငန်းများ ရပ်နားရမည့်...
April 29, 2026
စစ်ကိုင်းတိုင်းနှင့် ကချင်ပြည် အစပ်ရှိ မြို့နယ်များတွင် စစ်တပ်က စစ်ဆင်ရေးများ အတွက် လူအင်အား...