သျှမ်းပြည် ဖုန်းငွေဖြည့်ကဒ် ၂၀ ရာခိုင်နှုန်း စျေးတင်ရောင်းလာ

သျှမ်းပြည် ဖုန်းငွေဖြည့်ကဒ် ၂၀ ရာခိုင်နှုန်း စျေးတင်ရောင်းလာ

သျှမ်းပြည်တွင်းရှိ မြို့နယ်တစ်ချို့တွင် ယခုတပတ်အတွင်း စျေးသည်များ ဖုန်းငွေဖြည့်ကဒ်ကို ၂၀ ရာခိုင်နှုန်း စျေးတင်ရောင်းလာကြောင်း စုံစမ်းသိရှိရသည်။

ယခင်က ဖုန်းငွေဖြည့်ကဒ် တစ်ထောင်ကျပ်နှုန်းရောင်းသည့် ကဒ်များအား (၁၂၀၀)ကျပ်အထိ ရောင်းချလာသည့်အတွက် အွန်လိုင်းနှင့် ပတ်သက်ပြီး ငွေလွှဲလုပ်ငန်းလုပ်ကိုင်နေသည့်သူများ အခက်ခဲများစွာ ရှိလာနိုင်ကြောင်း ပြည်သူလူထုများက ပြောဆိုကြသည်။

“တကယ်သုံးရင် တစ်ထောင်ကျပ်ဖိုး ဒေတာဝယ်ရင် တစ်နာရီတောင်မခံဘူးထင်တယ်။ အရင်ကဆို တစ်နေ့လုံး ဖွင့်ထားလဲ ဘာမှမဖြစ်ဘူး။ ခုတော့ အလုပ်ကိစ္စတွေပြောပြီး လုပ်ပြီးရင် အင်တာနက်ပိတ်ထားလိုက်တယ်။ ဗီဒီယိုတွေ ၅ မိနစ်လောက်ကြည့်ရင် ဝယ်ထားတဲ့ ဒေတာ တစ်ထောင်ဖိုးက ကုန်ပြီ” ဟု မူဆယ်မြို့ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

မတ်လလယ်ပိုင်းကစပြီး သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ နှင့် ပန်ဆိုင်းမြို့တို့မှ စျေးသည်တချို့ သည် ဖုန်းငွေဖြည့်ကဒ်များအား စျေးတင်ရောင်းလာကြသည်ဟု ပန်ဆိုင်းဒေသခံ တစ်ဦးက ပြောသည်။

“ပန်ဆိုင်းဘက်လဲ အဲ့လိုပဲ စျေးတင်ရောင်းထားတယ်။ အွန်လိုင်းနဲ့ ငွေလွဲတာတွေလည်း ခက်ခဲလာမယ်။ ပညာရေးပိုင်းလဲ နောက်ကျလာမယ်။ ဘာလို့လဲဆိုတော့ ရောဂါကာလဖြစ်တော့ ကလေးတွေလဲ အွန်လိုင်းပေါ်ပဲ စာတွေ လေ့လာနေကြတယ် ဆိုတော့ အခက်ခဲတော့ ဖြစ်သွားမယ်။ ဒီအပတ်ထဲပဲ စဖြစ်တာ ဖုန်းငွေဖြည့်ကဒ် စျေးတက်တာကတော့” ဟု ပန်ဆိုင်းဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

အွန်လိုင်းဖြင့် ဖုန်းငွေဖြည့်လျှင် (၁၀၀၀)ကျပ်နှုန်းသာ ပေးရပြီး စျေးဆိုင်တွင်ရောင်းသည့် ငွေဖြည့်ကဒ်များမှာ (၁၂၀၀)ကျပ်အထိ စျေးတင်ရောင်းထားကြကြောင်း သိရှိရသည်။

မြန်မာနိုင်ငံတွင်း စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မိုဘိုင်းဒေတာ အင်တာနက်စျေးနှုန်းမှာလည်း ယခင်ကထက် (၂)ဆ မြင့်တက်လာပြီး စစ်ကောင်စီမှ အင်တာနက်ပေါ် သတင်းရှာဖတ်ရာတွင် ခက်ခဲအောင် ပြုလုပ်နေသည်ဟု လူထုက ပြောဆိုဝေဖန်ကြသည်။

May 9, 2026
စစ်အစိုးရ ၏ ရက် ၁၀၀ စီမံချက်ကြောင့် သျှမ်းပြည်အတွင်းသို့ တင်သွင်းကုန်များ ရပ်တန့်နေပြီး...
May 8, 2026
သျှမ်းပြည်တောင်ပိုင်း ၊ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းကြေးကို ယခင်ကထက်...
May 7, 2026
စိုင်းဟန်လင်း — သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင်...
May 6, 2026
စိုင်းဆိုင်အိုက် — မိုင်းပန်မြို့နယ် တောထဲတွင် တရုတ်နိုင်ငံသား အွန်လိုင်းလိမ်လည်သူ ကျားဖြန့်သမား...