မိုးနဲမြို့ အိမ်ဝန်းထဲရှိ အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခြင်းခံရ

မိုးနဲမြို့ အိမ်ဝန်းထဲရှိ အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခြင်းခံရ

သျှမ်းပြည်တောင်ပိုင်း မိုးနဲမြို့ လွယ်မြေရပ်ကွက် တွင်နေထိုင်သည်  အမျိုးသားတစ်ဦးကို အမည်မသိလက်နက်ကိုင်နှစ်ဦးက အိမ်ဝန်းထဲအထိလာရောက်ပြီး သေနတ်ဖြင့်ပစ်သတ်သွားကြောင်း သတင်းသိရသည်။

ယမန်နေ့ (မတ်လ ၁၈) ရက် ည ၈ နာရီဝန်းကျင်တွင် အမည်မသိလက်နက်ကိုင်အမျိုးသားနှစ်ဦးက ဆိုင်ကယ်စီးလာပြီး  အသက် ၄၀ အရွယ်ရှိ စိုင်းအိုက်ခြုံကို သေနတ်ဖြင့် ပစ်သတ်သွားကြောင်း သိရသည်။

“သူ့တို့အိမ်ကလည်းဆေးရုံဝန်းထဲမှာဆိုတော့ တခြား အိမ်တွေနဲ့ ဝေးတော့ဝေးတယ်၊ ၈ နာရီလောက်မှာ ဆိုင်ကယ်စီးလာတဲ့ အမျိုးသားနှစ်ယောက်က အိမ်ရှေ့ကနေ သူ့နာမည်ကိုခေါ်လို့ သူထွက်သွားချိန် သေနတ်နှစ်ချက်ပစ်ခံရပြီးနေရာတင်ပွဲချင်းပြီးသေသွားတယ်” ဟု မိုးနဲမြို့နေ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

စိုင်းအိုက်ခြုံကို လာရောက်ပစ်သတ်သူများသည် မည်သူဖြစ်ကြောင်းနှင့် မည်သည့်အကြောင်းကိစ္စကြောင့် လာရောက်ပစ်သတ်ကြောင်းကို မသိရကြောင်း အထက်ပါအမျိုးသားက ဆက်လက်ပြောပြသည်။

“သူ့ကို ဘာကြောင့်ပစ်လဲဆိုတာ မသိရသေးပါဘူး၊ ဆိုင်ကယ်စီးသမားတွေက ပစ်ပြီးခြင်း မောင်းထွက်သွားတော့ ဘယ်သူဘယ်ဝါမှန်းမသိလိုက်ရဘူး၊ အခု စိုင်းအိုက်ခြုံအလောင်းကတော့ ဆေးရုံမှာပါ” ဟု ၎င်းက ပြောသည်။

ထို့အပြင် စိုင်းအိုက်ခြုံသည် သျှမ်း-ဗမာ ကပြားလူမျိုးဖြစ်ပြီး အဖွဲ့အစည်းနာမည်များအသုံးပြုကာ ဒေသအတွင်း အခွန်ကောက် (ဆက်ကြေး)ခြင်းများလည်း ပြုလုပ်လေ့ရှိကြောင်း မိုးနဲမြို့မှ အမည်မဖော်လိုသူ အမျိုးသမီး တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အရင်တုန်းက သူ(စိုင်းအိုက်ခြုံ) က ဟိုအဖွဲ့လိုလို ဒီအဖွဲ့လိုလိုနဲ့ အဖွဲ့အစည်းနာမည်တွေသုံးပြီး အခွန်တွေ ဆက်ကြေးတွေ ကောက်လေ့ရှိတယ်၊ စစ်တပ် (တပ်မတော်) နဲ့လည်း သူပေါင်းတယ်၊ အခုသူသေရတာ အဲ့ဟာတွေနဲ့ ပက်သက်နေမလားတော့ မပြောတတ်ဘူး” ဟု အထက်ပါမျိုးသမီးက ပြောသည်။

ယခုလို နိုင်ငံရေးမငြိမ်မသက်ဖြစ်နေချိန် စီးပွားရေးအလုပ်အကိုင်များလည်း ကျဆင်းလာပြီး မြို့ထဲအထိ ပစ်သတ်များရှိလာသည့်အပေါ် မိုးနဲ့ဒေသခံများက  စိုးရိမ်ထိတ်လန့်နေကြောင်း သိရသည်။

မိုးနဲမြို့နယ်အတွင်းတွင် လောင်းကစားဝိုင်းများ ပေါများစွာ ရှိနေသည့်အပြင် ခိုးယူလုယက်မှုများ၊ မူးယစ်ဆေးဝါးရောင်းဝယ်မှုများ၊ အိမ်တွင်းအကြမ်းဖက်မှုများနှင့် ယခုလို သတ်ဖြတ်မှုများအထိ ရှိလာသည့်အပေါ် ဒေသခံများက လုံခြုံရေးကင်းမဲ့သလို ခံစားရကြောင်း သိရသည်။

May 9, 2026
စစ်အစိုးရ ၏ ရက် ၁၀၀ စီမံချက်ကြောင့် သျှမ်းပြည်အတွင်းသို့ တင်သွင်းကုန်များ ရပ်တန့်နေပြီး...
May 8, 2026
သျှမ်းပြည်တောင်ပိုင်း ၊ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းကြေးကို ယခင်ကထက်...
May 7, 2026
စိုင်းဟန်လင်း — သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင်...
May 6, 2026
စိုင်းဆိုင်အိုက် — မိုင်းပန်မြို့နယ် တောထဲတွင် တရုတ်နိုင်ငံသား အွန်လိုင်းလိမ်လည်သူ ကျားဖြန့်သမား...