ကလောမြို့ စစ်ကောင်စီ ထိပ်ပိုင်းခေါင်းဆောင် ရောက်ရှိ လုံခြုံရေး တင်းကြပ်နေ

ကလောမြို့ စစ်ကောင်စီ ထိပ်ပိုင်းခေါင်းဆောင် ရောက်ရှိ လုံခြုံရေး တင်းကြပ်နေ

သျှမ်းပြည်တောင်ပိုင်း ကလောမြို့သို့ စစ်ကောင်စီဘက်မှ ထိပ်ပိုင်းခေါင်းဆောင်တစ်ဦး ရောက်ရှိနေသည့် သတင်းများ ထွက်ပေါ်နေပြီး လုံခြုံရေးများ တင်းကြပ်စွာချထားကြောင်း သတင်းသိရသည်။

မတ်လ ၁၇ ရက်က မြို့တွင်းနှင့် ဈေးအတွင်းမှ ဆိုင်များအားလုံးကို ၆ နာရီမတိုင်ခင် ပိတ်သိမ်းရန် ညွှန်ကြားမှုရှိပြီးနောက် ညနေပိုင်း ၅ နာရီဝန်းကျင်တွင် ကလောမြို့ စစ်ဦးစီးတက္ကသိုလ်သို့ ရဟတ်ယာဉ်တစ်စီး ရောက်ရှိလာကြောင်း ကလောမြို့မှ ကိုစ (အမည်လွဲ)က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဒီတစ်ပတ်ထဲမှာ စစ်ဦးစီးတက္ကသိုလ်က သင်တန်းဆင်းပွဲ ရှိတယ်လို့ ကြားပါတယ်၊ မနေ့ကလည်း အုပ်ချုပ်ရေးမှူးကတစ်ဆင့် ည ၆ နာရီမတိုင်ခင် ဆိုင်တွေအကုန်ပိတ်သိမ်းဖို့ ညွှန်ကြားချက်ထွက်လာတယ်၊ ၅ နာရီကျော်လောက်တော့ ရဟတ်ယာဥ်တစ်စီး ဆိုက်လာတယ်” ဟု ကိုစ က သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထို့အပြင် ကလောမြို့နယ်အတွင်း လမ်းကြိုလမ်းကြားနေရာများတွင်လည်း လုံခြုံရေးအင်အား တိုးချထားပြီး လမ်းသွားလမ်းလာများကို စစ်ဆေးမေးမြန်းခြင်း၊ ဖုန်း စစ်ဆေးခြင်းများ ပြုလုပ်နေကြောင်းလည်း သိရသည်။

“မနေ့က ညနေ ၄ နာရီလောက်မှာ ထ ၃ ကျောင်း သံလမ်းကူး ၅ လမ်းဆုံမှာ ကားတွေ ဆိုင်ကယ်တွေကို အင်အား ၃၀ ခန့် ရှိတဲ့ စစ်သားနဲ့ရဲက စစ်ပါတယ်၊ အရင်ရက်တွေလည်း သူတို့စစ်တယ်၊ ဒါပေမဲ့ တစ်နေ့နဲ့တစ်နေ့ မတူဘူး၊ လမ်းနေရာ ပြောင်းစစ်ပါတယ်” ဟုလည်း စစ်ဆေးမှုကို ကြုံတွေ့ခဲ့ရသူ အမျိုးသားလူငယ်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယခုလို စစ်တပ်မှ ထိပ်ပိုင်းခေါင်းဆောင် မရောက်လာခင် ပြီးခဲ့သည့် မတ်လ ၁၆ ရက် နေ့လည် ၁ နာရီဝန်းကျင်တွင် ကလောမြို့ အင်းပြင်ရွာရှိ တပ်မ (၅၅) လက်အောက်ခံ ခမရ ၁၁၂ လုံခြုံရေးကင်းတဲ ဗုံးခွဲတိုက်ခိုက်ခံရသည်။

ကလောမြို့သည် စစ်ဦးစီးတက္ကသိုလ် တည်ရှိရာမြို့ဖြစ်သည့်အပြင် စစ်တပ်အခြေစိုက်လှုပ်ရှားသည့်မြို့လည်း ဖြစ်သည့်အတွက် စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင် အပါအဝင် တခြားသော စစ်တပ် ထိပ်ပိုင်းခေါင်းဆောင်များလည်း မကြာခဏ လာရောက်ညွှန်ကြားမှုများ ပြုလုပ်လေ့ရှိကြောင်း သိရသည်။

May 9, 2026
စစ်အစိုးရ ၏ ရက် ၁၀၀ စီမံချက်ကြောင့် သျှမ်းပြည်အတွင်းသို့ တင်သွင်းကုန်များ ရပ်တန့်နေပြီး...
May 8, 2026
သျှမ်းပြည်တောင်ပိုင်း ၊ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းကြေးကို ယခင်ကထက်...
May 7, 2026
စိုင်းဟန်လင်း — သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင်...
May 6, 2026
စိုင်းဆိုင်အိုက် — မိုင်းပန်မြို့နယ် တောထဲတွင် တရုတ်နိုင်ငံသား အွန်လိုင်းလိမ်လည်သူ ကျားဖြန့်သမား...