CNA သို့ CDF များဝင်ပါက အမိန့်တစ်ခုတည်းအောက်တွင် တော်လှန်ရေးပိုမိုထိရောက်မည်ဟု CNF ဥက္ကဌဆို

CNA သို့ CDF များဝင်ပါက အမိန့်တစ်ခုတည်းအောက်တွင် တော်လှန်ရေးပိုမိုထိရောက်မည်ဟု CNF ဥက္ကဌဆို

ချင်းအမျိုးသားတပ်မတော်(CNA) သို့ စစ်ကောင်စီတပ်အား တော်လှန်နေသည့် ချင်းဒေသကာကွယ်ရေးတပ်(CDF) များဝင်ရောက်ပူးပေါင်းပါက အမိန့်တစ်ခုတည်းအောက်မှ တော်လှန်ရေးလုပ်ငန်းများ မြန်ဆန်စွာဆောင်ရွက်နိုင်ပြီး တော်လှန်ရေး ထိရောက်မည်ဖြစ်ကြောင်း တော်လှန်ရေးတပ်များ၏ ရန်ပုံငွေရှာဖွေရေးအစီအစဉ်တစ်ခုတွင် ချင်းအမျိုးသားတပ်ဦး(CNF) ဥဣဌ ပူးဇိန်ကျုံးက ပြောကြားသည်။

ပူးဇိန်ကျုံးက “CDF ကပံ့ပိုးပေးခြင်းအားဖြင့် အခုလက်ရှိလှုပ်ရှားမှုလုပ်ဆောင်နိုင်သလိုမျိုးဖြစ်အောင် CDF တွေအနေနဲ့ CNA မှာ ဝင်ရင် အမိန့်တစ်ခုတည်းအောက်ကနေ လျှင်လျှင်မြန်မြန်နဲ့ ဆောင်ရွက်နိုင်မှာဖြစ်တဲ့အတွက် တော်လှန်ရေးလည်း ထိရောက်မယ်။ ကျွန်တော်တို့ရည်မှန်းချက်ကို မြန်မြန်ရောက်နိုင်မယ်။ တိုက်ပွဲလည်း ကောင်းကောင်းတိုက်နိုင်မယ်။ ဒါကတော့ ဘယ်သူမဆိုသိပြီးသားဖြစ်ပါတယ်” ဟုပြောသည်။  

ပူူးဇိန်ကျုံးက ချင်းအမျိုးသားတပ်မတော်သည် ချင်းလူမျိုးကို ကိုယ်စားပြုသည့် တပ်မတော်ပြီး ချင်းတစ်မျိုးသားလုံးကို ကာကွယ်ရမည့် တာဝန်ရှိသည့်အပြင် ချင်းလဲန်ဟု ခေါ်ဆိုသည့် နယ်မြေများကို မိမိတို့လက်ထဲ ပြန်ရောက်နိုင်ရန်လည်း လုပ်ဆောင်ရမည့် တာဝန်ရှိသည်ဟုဆိုသည်။  

သူက “ CNA ကချင်းအမျိုးသားတပ်မတော်ဖြစ်တယ်။ လူမျိုးကို ကိုယ်စားပြုတဲ့တပ်မတော်ဖြစ်တယ်။ CDF ကတော့ Chinland Defense force ဖြစ်ပြီး ကိုယ့်ဒေသကို ကာကွယ်ဖို့ ဖွဲ့စည်းတည်ထောင်တာဖြစ်တယ်။ ချင်းအမျိုးသားတပ်မတော်အနေနဲ့ နေရာဒေသတစ်ခုမဟုတ်ပဲ ချင်းပြည်နယ်ရဲ့ လိုအပ်တဲ့ အရပ်အသီးသီးမှာ သွားရ၊ တိုက်ပွဲဝင်ရမယ့်တပ်မတော်ဖြစ်တယ်။ တစ်နိုင်ငံလုံးအတိုင်းအတာလွှမ်းခြုံပြီး CNA မှာတာဝန်ရှိတယ်။ ချင်းတစ်မျိုးသားလုံးကို ကာကွယ်ဖို့ ချင်းအမျိုးသားတပ်မတော်မှာ တာဝန်ရှိတယ်။ အဲ့ဒီအပြင် ချင်းလဲန်လို့ပြောတဲ့နယ်မြေတွေနဲ့ အဲဒီနယ်မြေတွေ ကိုယ့်လက်ထဲမှာ ရှိဖို့လည်းတာဝန်ရှိတယ်” ဟုပြောသည်။  

ချင်းအမျိုးသားတပ်မတော်အနေဖြင့် လူမျိုးကိုယ်စားပြု တပ်မတော်ဖြစ်သည့်အတွက် တိုင်းပြည်ကို ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံအဖြစ်တည်ထောင်လာချိန် ဖက်ဒရယ်တပ်မတော်ဖွဲ့စည်းသည့်အခါ အရေးကြီးသည့် အခန်းကဏ္ဍတွင် ရှိလာမည်ဟုဆိုသည်။  

ပူးဇိန်ကျုံးက “ ဖက်ဒရယ်တပ်မတော်ဖွဲ့စည်းလာတဲ့အချိန်မှာလည်း ဗမာလူမျိုးတစ်မျိုးတည်းက ကြီးစိုးတဲ့စစ်တပ်လိုမျိုးဆက်ရှိနေမယ်ဆိုရင် အခုလို အာဏာသိမ်းမှု၊ အာဏာရှင်ဆန်မှုတွေ ဆက်ဖြစ်နေအုံးမှာဖြစ်တဲ့အတွက် တောင်ပေါ်တိုင်းရင်းသားဒေသက အချိိုးကျ စစ်ပညာသင်ကြားရေးမှာလည်း ပို့ဖို့၊ လေတပ်၊ ရေတပ်တွေမှာလည်း အချိုးကျပို့ဖို့ လိုပါတယ်။ အဲသလို  စစ်တပ်တည်ထောင်လာမှာဖြစ်တဲ့အတွက် ချင်းအမျိုးသားတပ်မတော်က အရေးကြီးတဲ့အခန်းကဏ္ဍမှာ ရှိလာမယ်။ ဒါကြောင့် ချင်းအမျိုးသားတပ်မတော်ဟာ အင်အားရှိဖို့အရမ်းအရေးကြီးပါတယ်။ ချင်းအမျိုးသားတပ်မတော်အားကောင်းရင် ကျွန်တော်တို့လူမျိုးအားကောင်းမယ်” ဟုပြောသည်။   

သူက ယခုတော်လှန်ရေးကာလသည် တစ်တိုင်းပြည်လုံးမှ စစ်အာဏာရှင်ကို တော်လှန််နေသည့် ကာလဖြစ်သည့်အတွက် ယခုကဲ့သို့ အချိန်အခါကောင်း နောင်အခါတွင် ရရှိတော့မည်မဟုတ်သဖြင့် ချင်းပြည်သူများအနေဖြင့် တော်လှန်ရေးအားကောင်းရန် အချိန်ပို အလုပ်လုပ်ပေးကာ ထောက်ပံ့မှုဖြင့် ကူညီပေးကြရန် နှင့် ချင်းအမျိုးသားတပ်မတော်အားကောင်းရန် အားလုံး၏လက်ထဲတွင် မူတည်နေကြောင်း၊ ထိုသို့လည်း လုပ်ဆောင်နိုင်သည့်အရာဖြစ်ကြောင်း ပြောကြားခဲ့သည်။

Most read this week

December 10, 2025
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ၊ ရှင်းလက်ဝကျေးရွာရှိ အာရက္ခတပ်တော် ( AA) စစ်ဆေးရေးဂိတ်မှာ ဒီဇင်ဘာလ...
December 4, 2025
ဒီဇင်ဘာလ ၂ ရက်နေ့ နေ့လည်ပိုင်းမှာ တီးတိန်မြို့နယ် ဘဲကန့်ရွာကို စစ်ရှောင်ရာကနေ နွားနောက်ရှာရန်...
December 3, 2025
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ အာရက္ခတပ်တော်(ULA / AA) က အသက် ၁၈ နှစ်ကနေ ၄၀ အကြား အရွယ်ရှိသူ...
December 2, 2025
စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ မော်လိုက်အကျဉ်းထောင်က မနေ့ဒီဇင်ဘာလ ၁ ရက်နေ့မှာ လွတ်ရက်နီးနေတဲ့...