မူဆယ်ခရိုင်အတွင်း လူငယ်အမျိုးသား(၃)ဦး KIA က ဖမ်းဆီးသွား

မူဆယ်ခရိုင်အတွင်း လူငယ်အမျိုးသား(၃)ဦး KIA က ဖမ်းဆီးသွား

သျှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင်အတွင်း လူငယ်အမျိုးသား (၃)ဦးကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) မှ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း စုံစမ်းသိရှိရသည်။

ပြီးခဲ့သည့် မတ်လ (၉)ရက် နေ့လည် (၁၂)နာရီဝန်းကျင်တွင် မူဆယ်မြို့နယ် တာလုံကျေးရွာအုပ်စု မိုင်းပေါကျေးရွာ၌ သျှမ်းလူငယ် (၈)ဦး စျေးဝင်ဝယ်စဉ် KIA တပ်သားများ ဖမ်းဆီးသွားရာ (၅)ဦးကို‌ ပြန်လည်လွတ်ပေးပြီး (၃)ဦးကို ယနေ့ချိန်ထိ ဖမ်းဆီးထားကြောင်း မူဆယ်မြို့နယ်က အသက် (၃၀)ကျော်အရွယ်ရှိ ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့် ကို ပြောသည်။

ထို လွတ်ပေးသည့် (၅)ဦးမှာ အမျိုးသမီး (၄)ဦး နှင့် အမျိုးသား (၁)ဦးဖြစ်ကြောင်း သိရှိရသည်။

“ (၅)ယောက်ကိုတော့ ဖမ်းတဲ့နေ့မှာပဲ လွှတ်ပေးလိုက်တယ်။ကျန်တဲ့ (၃)ယောက်ကိုတော့ ဒီနေ့အထိ မလွှတ်ပေးသေးဘူး ” ဟု မူဆယ်မြို့နယ် ဒေသခံ တစ်ဦးက ပြောသည်။

ပြီးခဲ့သည့် မတ်လ (၁၂) ရက်နေ့က ကျန်ရှိသည့် လူငယ် (၃) ဦးကို သက်ဆိုင်ရာ လူကြီးများနှင့် မိဘများက သွားရောက်တွေ့ဆုံခွင့်တောင်းသော်လည်း တွေ့ဆုံခွင့် မရခဲ့ကြောင်း သိရသည်။

“ ၁၂ ရက်နေ့တုန်းကတော့ ဖမ်းခံထားရတဲ့ သူတို့အဖေရယ် လူကြီးတွေ ပြန်သွားခေါ်ဖို့ လုပ်တယ်။ မုံးကိုးဘက်က ဂိတ်စောင့်တဲ့သူဆီရောက်တော့ ကချင်စစ်သားတွေ မပေးဝင်ဘူး။ လူကြီးတွေနဲ့ တွေ့ချင်တယ် ဆိုလဲ မရဘူး။ ပြန်လာလိုက်ရတယ် ” ဟု သွားရောက်တွေ့ဆုံခွင့်တောင်းသည့်ထဲတွင် ပါဝင်သည့် အမျိုးသားတစ်ဦးက ပြောသည်။

ဖမ်းဆီးခံထားရသည့် လူငယ် (၃)ဦးမှာ ကွက်ခိုင်မြို့နယ် ဝမ်ဝိန်းကျေးရွာမှ ဒေသခံ အမျိုးသား (၂)ဦး နှင့် မူဆယ်မြို့နယ် မိုင်းပေါကျေးရွာထဲက ဒေသခံ အမျိုးသား (၁)ဦးတို့ဖြစ်ကြောင်း သိရှိရသည်။

ထိုအမျိုးသား (၃)ဦးမှာ စိုင်းအိုက်ပေါင်း အသက် (၂၃)နှစ်၊ စိုင်းမောင်လျှန်း (၃၄)နှစ် နှင့် စိုင်းကျန်လှ အသက် (၃၃)နှစ်တို့ ဖြစ်ကြောင်း သိရှိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၁)ရက်နေ့ကလည်း ကွက်ခိုင်မြို့နယ် ယုံးမောကျေးရွာအုပ်စု နားငူးကျေးရွာတွင် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)က လူငယ်အမျိုးသား (၃)ဦးကို နေအိမ်ထဲထိ ဝင်ရောက်ဖမ်းဆီးသည့် ဖြစ်စဉ်များလည်း ရှိသည်။

ကွက်ခိုင်မြို့နယ်သည် တအာင်း(ပလောင်) လွတ်မြောက်ရေးတပ်မတော် (TNLA) ၊ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)နှင့် သျှမ်းပြည်တိုးတက်ရေးပါတီ၊ သျှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် စစ်ကောင်စီအုပ်စုတို့ လှုပ်ရှားရာနယ်မြေဖြစ်သည်။

Most read this week

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...