ဆိုင်ကယ်မဝယ်ပေးသည့် မိဘ၂ ပါး ကို သားဖြစ်သူက သတ်

ဆိုင်ကယ်မဝယ်ပေးသည့် မိဘ၂ ပါး ကို သားဖြစ်သူက သတ်

သျှမ်းပြည်တောင်ပိုင်း ပင်လုံမြို့ရပ်ကွက် (၃) တွင်  ဆိုင်ကယ်ဝယ်မပေးသည့် မိဘ ၂ ပါးကို မူးယစ်ဆေးသုံးစွဲသည့် သားဖြစ်သူက သတ်လိုက်ကြောင်း စုံစမ်းသိရသည်။

အဆိုပါ သတ်ခံရသည့် မိဘ ၂ပါးသည် မည်သည့်ရက်တွင်သတ်ခံရသည်ကို မသိရကြောင်း၊ ရဲများမှ အကြောင်းကြားလာသည့် အတွက် မတ် ၁၂ ရက်တွင် အလောင်းသွားသယ်ခဲ့ကြောင်း ပင်လုံမြို့ ဖြူစင်နှလုံးသား ပရဟိတ အဖွဲ့ဝင်တစ်ဦးက ပြောသည်။

“ကျနော်တို့ကို ရဲက အကြောင်းကြားလာလို့ အလောင်းသွားသယ်တာ။ သူ့အဖေရဲ့အလောင်းကိုတော့ ရလာတယ်။ ဓားနဲ့ပဲသတ်ထားတာ။ သူ့အမေအလောင်းကတော့ မရလာသေးဘူး” ဟု ပရဟိတ အဖွဲ့ဝင်တစ်ဦးက ပြောသည်။

ဆေးကြောင်ပြီး မိဘ (၂)ပါးကို သတ်ပြီးနောက် မိခင်ဖြစ်သူကို နေအိမ်ခြံဝန်းထဲတွင် မြုပ်နှံထားခဲ့ပြီး၊ လက်ရှိ အချိန်ထိ မိခင်၏ ရုပ်အလောင်းကို ပြန်မဖော်ရသေးကြောင်း၊ ဖခင်ဖြစ်သူကို နေအိမ် အိပ်ခန်းရှိ ကုတင်အောက်တွင် ထားရှိကြောင်း သိရသည်။

“ကျနော်သိရသလောက်ကတော့ အဲကောင်းလေးက သူ့အမေနားကို ဆိုင်ကယ်ဝယ်ခိုင်းတာ။ သူ့အမေက မဝယ်ပေးလို့ဆိုပြီးတော့ သတ်လိုက်တာတဲ့။ သူ့အမေက ဟိုတလောမှ ရွှေသွားရောင်းလာတယ်လို့ သိရတယ်။ မရတော့ ဆေးချပြီး စိတ်ရဲရဲ နဲ့ သတ်လိုက်တာထင်တယ်” ဟု ပရဟိတအဖွဲ့ဝင် တစ်ဦးက ဆိုသည်။

မိဘ (၂)ပါးကို သတ်ဖြတ်ခဲ့သည့် အမျိုးသားသည် အသက် (၂၆)နှစ် အရွယ်တာရှိပြီး လက်ရှိမှာတော့ ပင်လုံမြို့ ရဲစခန်းတွင် ချုပ်နှောင်ထားကြောင်း သိရသည်။

ယခုနောက်ပိုင်း ပင်လုံမြို့နယ်အတွင်း မူးယစ်ဆေးဝါးသုံးစွဲသူသည် ယခင်ကထက် ပိုများလာကြောင်း၊ လူဦးရေ ၈၀ ရာခိုင်နှုန်းခန့် မူးယစ်ဆေးဝါးသုံးစွဲနေကြောင်းလည်း ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“ ပင်လုံမြို့မှာ မူးယစ်ဆေးဝါးသုံးတာ အရမ်းများတယ်။ အရင်ထက်တောင်များတယ်။ ကြောက်ရတာပေါ့ အခုခေတ် အခုကာလနဲ့ ဆိုရင်။ ရှာစားရတာလည်း မလွယ်ဘူးလေ။ ရှေ့ဆက်ပြီးတော့ ဒီလို လူသတ်မှုတွေ၊ ဓားပြတိုက်မှုတွေရှိလာမှာကို ကြောက်တယ်။ ကိုယ်လုံခြုံရေးအတွက်လည်း စိတ်ပူရတယ် ” ဟု ပင်လုံမြို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ယခုကဲ့သို့ မိဘ (၂)ပါးကို သားဖြစ်သူက ပြန်သတ်သည့် အမှုသည် ပင်လုံမြို့တွင် တကြိမ်တခါမျှ မကြုံဖူးခဲ့ပေ။

May 9, 2026
စစ်အစိုးရ ၏ ရက် ၁၀၀ စီမံချက်ကြောင့် သျှမ်းပြည်အတွင်းသို့ တင်သွင်းကုန်များ ရပ်တန့်နေပြီး...
May 8, 2026
သျှမ်းပြည်တောင်ပိုင်း ၊ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းကြေးကို ယခင်ကထက်...
May 7, 2026
စိုင်းဟန်လင်း — သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင်...
May 6, 2026
စိုင်းဆိုင်အိုက် — မိုင်းပန်မြို့နယ် တောထဲတွင် တရုတ်နိုင်ငံသား အွန်လိုင်းလိမ်လည်သူ ကျားဖြန့်သမား...