မူဆယ် နာရေးပြုလုပ်နေသည့် ပြည်သူ့စစ်နေအိမ် သေနတ်ပစ်ခံရ (၂)ဦးသေ၊ (၂)ဦးဒဏ်ရာရ

မူဆယ် နာရေးပြုလုပ်နေသည့် ပြည်သူ့စစ်နေအိမ် သေနတ်ပစ်ခံရ (၂)ဦးသေ၊ (၂)ဦးဒဏ်ရာရ

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ မြောက်ရပ်ကွက် နာရေးပြုလုပ်နေသည့် နေအိမ်ကို ယနေ့ (မတ် ၈)ရက် နေ့လည် (၁)နာရီဝန်းကျင်က အမည်မသိလက်နက်ကိုင်တပ်ဖွဲ့ လာရောက်ပစ်ခတ်ရာ (၂)ဦး သေဆုံးသွားပြီး (၂) ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း စုံစမ်းသိရှိရသည်။

အခင်းဖြစ်ပွားသည့် မတ်လ (၈)ရက် နေ့လည် (၁)နာရီဝန်းကျင်တွင် အမည်မသိလက်နက်ကိုင် တပ်ဖွဲ့ က ဆိုင်ကယ်မောင်းလာပြီး နာရေးပြုလုပ်သည့် ပြည်သူ့စစ်နေအိမ်ကို လာပစ်ခတ်သွားကြောင်း မြောက်ရပ်ကွက်နေထိုင်သူများက ပြောသည်။

“စက်သေနတ်နဲ့ လာပစ်သွားတယ်လို့တော့ ပြောတယ်။ ဘယ်က ပြည်သူ့စစ်လဲတော့ မသိရဘူး။ အဲ့နား ဝန်းကျင်တွေကတော့ ဆိုင်ကယ်စီးပြီးလာတယ်လို့ပြောတယ်” ဟု မူဆယ်မြို့ မြောက်ရပ်ကွက်နေ အသက် (၃၀) ဝန်းကျင်ရှိ အမျိုးသားတစ်ဦးက ပြောသည်။

လာရောက်ပစ်ခတ်သည့် သူသည် မည်သည့်အဖွဲ့ကဖြစ်သည်ကို မသိရှိရသေးကြောင်း၊ ဘယ်နှယောက်လာသည်ကိုလဲ မသိရှိရသေးကြောင်း မြောက်ရပ်ကွက်တွင် နေထိုင်သူများက ပြောဆိုကြသည်။

“ဘယ်အဖွဲ့ လာပစ်သွားလဲ မသိရဘူး။ ခုတော့ ဒဏ်ရာရရှိသူ (၂)ဦးကိုတော့ ပရဟိတတွေ လာခေါ်သွားပြီ ထင်တယ်” ဟု ၎င်းက ဆိုသည်။

ပြီးခဲ့သည့် ဇန်နဝါရီ (၃၁)ရက် နေ့လည် (၁၂)နာရီခွဲကျော်ကလည်း မူဆယ်မြို့မစျေး ဘေးလမ်း ကားပေါ်တွင်ရှိသည့် ကောင်းခါးပြည်သူ့စစ်တစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရကြောင်း သိရှိရသည်။

မူဆယ်မြို့သည် တိုင်းရင်းသားလက်နက်ကိုင်များနှင့် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့များ သွားလာလှုပ်ရှားသည့် နေရာဖြစ်သည့်အပြင် ယခုလို ပစ်ခတ် သတ်ဖြတ်လုယက်မှုများလည်း မကြာခဏ ဖြစ်ပွားသည့် နယ်စပ်မြို့ဖြစ်သည်။

Most read this week

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...