လက်နက်ကိုင်တော်လှန်ရေးလှုပ်ရှားရင်း စစ်ရှောင်များကို ကူညီပေးနေသည့် SGDF အကူအညီလိုအပ်နေ

လက်နက်ကိုင်တော်လှန်ရေးလှုပ်ရှားရင်း စစ်ရှောင်များကို ကူညီပေးနေသည့် SGDF အကူအညီလိုအပ်နေ

သျှမ်းပြည်နှင့် ကရင်နီ (ကယားပြည်) နယ်စပ်တွင် လက်နက်ကိုင်တော်လှန်ရေးလှုပ်ရှားမှုတစ်ဖက်နှင့် စစ်ရှောင်များကို ကူညီပေးနေသည့် Shan Generation Defence Force မှ ရိက္ခာနှင့် ဆေးဝါးအကူအညီများ လိုအပ်နေကြောင်း သတင်းသိရသည်။

လက်ရှိတွင် Shan Generation Defence Force နှင့် ပူးပေါင်းအဖွဲ့များ လှုပ်ရှားသည့် ဒေသတွင်းသို့ ရောက်ရှိလာသည့် စစ်ဘေးရှောင် ၅၀၀ အထက်ရှိနေကြောင်း Shan Generation Defence Force (SGDF ) ခေါင်းဆောင် ရွှေခေါင်းလောင်း က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ကျနော်တို့ ကူညီပေးနေတဲ့ စစ်ရှောင်တွေထဲမှာ သက်ကြီရွယ်အိုတွေလည်းပါနေတယ်၊ ပြီးတော့ မွေးကင်းစ ကလေးနဲ့ မိခင်တွေလည်း ရှိနေတယ်၊ တချို့က နေမကောင်းတာလည်းရှိနေတော့ ဆေးနေ့တိုင်း ချိတ်ပေးရတဲ့သူလည်း ရှိတယ်၊ စုစုပေါင်း စစ်ရှောင်ဦးရေက ၅၀၀ ကျော်ရှိနေပါတယ်၊ ဒါပေမဲ့ ကျနော်တို့ဆီမှာ ဆန်က ၇ အိတ်ပဲ ရှိတော့တယ်” ဟု ရွှေခေါင်းလောင်းက ပြောသည်။

ယခုရက်ပိုင်းအတွင်း မိုးဗြဲနှင့် လွိုင်ကော်မြို့အတွင်းသို့ စစ်ကောင်စီဘက်မှ အကြမ်းဖက် ထိုးစစ်ဆင်နေ လျက်ရှိရာ စစ်ဘေးတိမ်းရှောင်သည့် ပြည်သူများလည်း နေ့စဥ်ရက်ဆက်ရှိနေပြီး ဒေသခံပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များအနေဖြင့်လည်း တန်ပြန်တိုက်ခိုက်မှုအပြင် စစ်ရှောင်ပြည်သူများ၏ လုံခြုံရေးကိုလည်း ဆောင်ရွက်နေကြောင်း သိရသည်။

“ကျနော်တို့ကို စကစတွေက နေ့တိုင်း ထိုးစစ်ဆင်နေပါတယ်၊ ဒီရက်ပိုင်း မိုးဗြဲဖက်မှာ လေယာဥ်နဲ့ရော လက်နက်ကြီး လက်နက်ငယ်တွေနဲ့လည်း ချနေကြလို့ ကျနော်တို့က အားမတန်မာန်လျှော့လိုက်ရတာမျိုးရှိတယ်၊ နောက်ပြီး စစ်ရှောင်နဲ့ ပြည်သူတွေကိုလည်း လုံခြုံရေး ယူပေးဖို့လည်း ကျနော်တို့ လုပ်ဆောင်နေပါတယ်၊ ကျနော်တို့အတွက် လက်နက်အင်အားရော စစ်ရှောင်ပြည်သူတွေအတွက် စားနပ်ရိက္ခာနဲ့ ဆေးဝါးရော လိုအပ်နေပါတယ်” ဟု Shan Generation Defence Force မှ အဖွဲ့ခေါင်းဆောင်က သျှမ်းသံတော်ဆင့်ကို ပြောသည်။

စစ်ရှောင်များနှင့် Shan Generation Defence Force အဖွဲ့ဝင်များအနေဖြင့် လက်ရှိ နေ့စဥ်စားသောက်နေထိုင်မှုကို ချွေတာသုံးစွဲမှုများဖြင့် ခွဲဝေစားသောက်နေရကြောင်းနှင့် ရေရှည်အတွက် စိုးရိမ်ရကြောင်း တခြားအဖွဲ့ဝင်တစ်ဦးကလည်း သျှမ်းသံတော်ဆင့်ကို ပြောသည်။

ကရင်နီပြည်နှင့် မိုးဗြဲဘက်မှ ထွက်ပြေးတိမ်းရှောင်လာသော ပြည်သူများနှင့် Shan Generation Defence Force တပ်ဖွဲ့တို့ကို ကူညီထောက်ပံ့ပေးလိုပါက Shan Generation Defence Force Facebook စာမျက်နှာသို့ ဆက်သွယ် လှူဒါန်းနိုင်ကြောင်း သိရသည်။

May 9, 2026
စစ်အစိုးရ ၏ ရက် ၁၀၀ စီမံချက်ကြောင့် သျှမ်းပြည်အတွင်းသို့ တင်သွင်းကုန်များ ရပ်တန့်နေပြီး...
May 8, 2026
သျှမ်းပြည်တောင်ပိုင်း ၊ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းကြေးကို ယခင်ကထက်...
May 7, 2026
စိုင်းဟန်လင်း — သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင်...
May 6, 2026
စိုင်းဆိုင်အိုက် — မိုင်းပန်မြို့နယ် တောထဲတွင် တရုတ်နိုင်ငံသား အွန်လိုင်းလိမ်လည်သူ ကျားဖြန့်သမား...