သိန္နီမြို့ မိုင်းလီပြည်သူ့စစ်ဖွင့်လှစ်သည့် လောင်းကစားဝိုင်း အလွန်စည်ကားနေ

သိန္နီမြို့ မိုင်းလီပြည်သူ့စစ်ဖွင့်လှစ်သည့် လောင်းကစားဝိုင်း အလွန်စည်ကားနေ

လက်နက်ကိုင်ဆောင်ထားပြီး စစ်ဝတ်စုံအပြည့် ဝတ်ဆင်ထားသည့် ပြည်သူ့စစ်များသည် လောင်းကစား ကုန်းကင်းခုံ အများအပြား အနီးတဝိုက်တွင် စောင့်ဆိုင်းနေပြီး ထိုနေရာကို လူအစုလိုက် အပြုံလိုက် လာရောက်ဆော့ကစားနေကြသဖြင့် အလွန်စည်ကားကြောင်း သိရသည်။

ထိုနေရာသည် သျှမ်းပြည်မြောက်ပိုင်း မိုင်းလီပြည်သူ့စစ်တပ်ဖွဲ့ ဦးဆောင်ပြီး သိန္နီမြို့ အမှတ် (၂)ရပ်ကွက် ဘုန်းကြီးကျောင်းအနီးရှိ ကွင်းပြင်ထဲတွင် လောင်းကစားဝိုင်းများ လာရောက် ဖွင့်လှစ်ကြောင်း စုံစမ်းသိရသည်။

စစ်အာဏာသိမ်းပြီးနောက် နိုင်ငံရေးအခြေအနေအပြောင်းအလဲကြား လောင်းကစားဝိုင်းများ လာရောက် ဖွင့်လှစ်နေခြင်းသည် ပြည်သူများကို နိုင်ငံရေး အာရုံပြောင်းလဲစေချင်သည့် သဘောဟု ယူဆပြောသူများလည်း ရှိသည်။

ထို့ပြင် ကိုဗစ်-၁၉ ကူးစက်မှုပျံ့နှံ့နေသည့်ကြား လူအစုလိုက် အပြုံလိုက် လာရောက်ဆော့ကစားနေသည့်အပေါ် ဒေသခံပြည်သူများက ကိုဗစ်မြင့်တက်လာမည်ကို စိုးရိမ်နေကြသည်။

“အခုနောက်ပိုင်း လောင်းကစားဝိုင်းတွေ နေရာအနှံ့ ပြန်တွေ့လာတယ်။ အရင်က ဒီလို ပေါ်တင်လုပ်တာတွေ မရှိတာ တော်တော်ကြာပြီ၊ ကျနော်တို့ အိမ်နားမှာလာလုပ်တော့ အိပ်လို့ကိုမရဘူး။ တဖက်မှာ စစ်ပွဲကြောင့် စစ်ရှောင် နေချိန် ကိုယ့်နေရာက လောင်းကစားဝိုင်းလုပ်နေတော့ စိတ်မကောင်းဘူး” ဟု သိန္နီမြို့ ရပ်ကွက် (၃)အတွင်း နေထိုင်သည့် လူငယ်အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထိုလောင်းကစားဝိုင်းသည် မိုင်းလီ (ပိန်းဆာ) လက်နက်ကိုင်တပ်ဖွဲ့ ဦးဆောင်ဖွင့်လှစ်သဖြင့် ရပ်ကွက် အုပ်ချုပ်ရေးမှူး နှင့် ပြည်သူများက ကန့်ကွက်ချင်သော်လည်း ကြောက်နေရကြောင်း ၎င်းလူငယ်က ဆိုသည်။

ဆက်လက်ပြီး သိန္နီမြို့ တွင် နေထိုင်သည့် အသက် ၃၀ ကျော် အမျိုးသမီး တစ်ဦးက “ကျမတို့ ပြည်သူတွေ အနေနဲ့ကတော့ ဒါက မသင့်လျော်ဘူးလို့ ထင်မိပါတယ်၊ ဒီလို နိုင်ငံရေး မကောင်းတဲ့အချိန် လောင်းကစား ထပ်လုပ်လာတော့ အဓိကက ခိုးယူလုယက်မှုတွေက ပိုများလာမှာအမှန်ပဲ၊ နောက်တစ်ခုက ရောဂါကူးစက် ပျံ့နှံ့လာမယ်” ဟု ဆိုသည်။

အဆိုပါ လောင်းကစားဝိုင်းများသည် မြို့တွင်းတွင် ပြုလုပ်နေသည့်အပေါ် ဒေသခံပြည်သူများ၏ သဘောထားတောင်းဆိုခြင်းနှင့် ကြိုတင်အသိပေးခြင်းများ မရှိသည့်အပြင် လက်နက်ကိုင်ထားသည့် ပြည်သူ့စစ်များက လုံခြုံရေး ယူထားကြောင်း ဒေသခံများက ပြောသည်။

သိန္နီမြို့တွင်း လောင်းကစားဝိုင်းများသည် ပြီးခဲ့သည့် တရုတ်နှစ်သစ်ကူးပွဲတော်အချိန်က ရေပူစမ်းတွင်လည်း တစ်ကြိမ် ဖွင့်လှစ်ခဲ့သေးသည်။

ထိုလောင်းကစားဖွင့်လှစ်လာပြီးနောက်ပိုင်း ဒေသတွင်း ခိုးယူလုယက်မှုနှင့် ပျောက်ဆုံးမှုများ၊ မိသားစုတွင်း ပြဿနာများ ပိုမိုများပြားလာကြောင်း ဒေသခံများက ပြောသည်။

“ရေပူစမ်းက လောင်းကစားပွဲဖွင့်ပြီး နောက်ပိုင်းတော့ ဒေသတွင်း ခိုးယူလုယက်မှုက များလာတယ်၊ မိသားစုတွင်း ပြဿနာကလည်း ပိုများလာတယ်။ ဘောလုံးပွဲလိုမျိုးမှာတောင် ဆိုင်ကယ်တွေပျောက်တယ်၊ အိမ်ထဲမှာ သော့ခတ်ပြီး ထားတဲ့ကားလည်း ပျောက်တယ်၊ အခုထပ်ဖွင့်တော့ ဒီလို ပြဿနာတွေက ပိုများလာမှာပဲ၊ မဖွင့်သင့်ဘူးလို့ ထင်တယ်” ဟု ဒေသခံ အသက် ၅၀ ကျော်ရှိ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့် ကို ပြောသည်။

နိုင်ငံရေးရှုပ်ထွေးနေချိန် စစ်ကောင်စီ အနေဖြင့် ပြည်သူများကို နိုင်ငံရေးအာရုံမစိုက်နိုင်အောင် ပြည်သူ့စစ်ကို လက်ကိုင်တုတ်အဖြစ် အသုံးပြုကာ လောင်းကစားဖွင့်လှစ်ခိုင်းသည့် သဘောဖြစ်ကြောင်းလည်း သိရသည်။

“လောင်းကစားရုံဖွင့်တာကလည်း စစ်ကောင်စီရဲ့လက်ချက်ဖြစ်နိုင်တယ်။ လောင်းကစားဖွင့်ရင် အခွန်အခ အများကြီးဆောင်ရတော့ အခွန်များများရအောင်လုပ်တာဖြစ်နိုင်သလို နောက်တခုက သျှမ်းပြည်သူတွေ နိုင်ငံရေး အာရုံမစိုက်ဘဲ လောင်းကစားကို လုပ်တဲ့သဘောပဲ။ ပြည်သူတွေကိုလည်း ဒီကာလမှာ သတိရှိစေချင်တယ်” ဟု သိန္နီမြို့ လူငယ်အမျိုးသားက ပြောဆိုလိုက်သည်။

မိုင်းလီ (ပိန်းဆာ) ပြည်သူ့စစ်တပ်ဖွဲ့သည် စစ်ကောင်စီမှ နိုင်ငံတော်အာဏာသိမ်းပြီးခါစတွင်လည်း သန္နီမြို့နယ် Asia World (ပန်လော့) အနီးတွင် ဖွင့်လှစ်ရန် ကြိုးစားမှုရှိခဲ့ပြီး ပြည်သူများက လက်မခံသည့်အတွက် ဖျက်သိမ်းလိုက်ရကြောင်းလည်း သိရသည်။

သိန္နီမြို့သည် တိုင်းရင်းသားလက်နက်ကိုင်များဖြစ်ကြသည့် MNDAA၊ TNLA၊ SSPP/SSA၊ KIA နှင့် ပြည်သူ့စစ်တပ်ဖွဲ့များအပြင် စစ်ကောင်စီတပ်သားများလည်း သွားလာလှုပ်ရှားသည့် နယ်မြေဖြစ်သည်။

May 9, 2026
စစ်အစိုးရ ၏ ရက် ၁၀၀ စီမံချက်ကြောင့် သျှမ်းပြည်အတွင်းသို့ တင်သွင်းကုန်များ ရပ်တန့်နေပြီး...
May 8, 2026
သျှမ်းပြည်တောင်ပိုင်း ၊ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းကြေးကို ယခင်ကထက်...
May 7, 2026
စိုင်းဟန်လင်း — သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင်...
May 6, 2026
စိုင်းဆိုင်အိုက် — မိုင်းပန်မြို့နယ် တောထဲတွင် တရုတ်နိုင်ငံသား အွန်လိုင်းလိမ်လည်သူ ကျားဖြန့်သမား...