သေပြီးအချိန်လွန်ဝက်များကို ကျိုင်းတုံမြို့တွင် အသားဖော်ပြီးပြန်ရောင်းချ

သေပြီးအချိန်လွန်ဝက်များကို ကျိုင်းတုံမြို့တွင် အသားဖော်ပြီးပြန်ရောင်းချ

သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့တွင် ဗမာပြည်ဘက်မှ တင်ဆောင်လာပြီး လမ်းတွင် သေဆုံးသွားသည့် ဝက်များကို အသားပြန်ဖော်ပြီး ရောင်းချမှုများ ရှိနေကြောင်း သိရသည်။

ကျိုင်းတုံမြို့တွင်းရှိ ဝက်ခြံများမှ ဝက်များအပြင် အောက်ပြည် (ဗမာပြည်)ဘက်မှ တင်ဆောင်လာသည့် ဝက်များသည် လမ်းတွင် သေဆုံးသွားသည့် ဝက်များကို အသားဖော်ပြီး စျေးပေါပေါဖြင့် ပြန်လည်ရောင်းချနေသဖြင့် ဒေသခံများ ကျန်းမာရေး ထိခိုက်မည်ကို စိုးရိမ်နေကြသည်။

“အရင်တုန်းက ကျိုင်းတုံမြို့မဈေးကြီးနဲ့ မြို့ထဲမှာရောင်းနေတဲ့ ဝက်သားတွေကို မိုင်းဇင်းမှာ ရှိတဲ့ ဝက်ခြံကနေ အများဆုံး ထုတ်ဖြစ်ပါတယ်၊ ဒါပေမဲ့ အခုနောက်ပိုင်းတော့ ဗမာပြည်ဘက်က ဝက်တွေကို တင်လာတာ တွေ့ ရတယ်၊ အဲ့လို တင်လာပြီး လမ်းမှာသေတဲ့ ဝက်တွေကို ဒီရောက်ရင် အသားပြန်ဖော်ပြီး ရောင်းတာ“ ဟု ကျိုင်းတုံမြို့မှ ဒေသခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိ ကျိုင်းတုံမြို့မှ ဝက်ခြံထုတ် လတ်ဆတ်သည့် ဝက်သား ဝယ်ယူဈေးနှုန်းသည် အသားကောင်းများအတွက် ကျပ် ၁၅၀၀၀ ဝန်းကျင်ရှိနေပြီး လမ်းခရီးမှာသေဆုံးသွားသည့် ဝက်များကို ပြန်ဖော်သည့်အသားများက ကျပ် ၈၀၀၀ ဝန်းကျင်ခန့်သာ ရှိကြောင်း ကျိုင်းတုံမြို့မှ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“လမ်းမှာသေပြီးသား ဝက်သားတွေက ဒီမှာ လာဖော်တဲ့ အသားတွေထက် ပိုပြီးဈေးပေါပါတယ်၊ ဆိုတော့ ငွေကြေး သိပ်မသုံးချင်တဲ့ မိသားစုတွေက ဒီလိုအသားတွေကို ဝယ်ကြတာပေါ့၊ ဒါပေမဲ့ အခုတလော စစ်ကောင်စီတွေက လမ်းမှာစောင့်ပြီး အခွန်ကောက်တာတွေ များလွန်းလို့ အောက်ပြည်ဘက်ကို ဝက် သယ်သွားတဲ့ကားလည်း သိပ်မရှိ တော့ဘူး” ဟု အထက်ပါ အမျိုးသားက ပြောသည်။

အောက်ပြည်ဘက်မှ သယ်လာသော ကားများသည် ကျိုင်းတုံမြို့ အပြင် တာချီလိတ်အထိ ဖြန့်ဖြူးပေးပို့ခြင်းများ ရှိနေပြီး တစ်ခေါက်ကို လမ်းခရီး နှစ်ည သုံးရက်လောက် ကြာတတ်သည့်အတွက် ဝက်များက သေကြေရခြင်း ဖြစ်ကြောင်းလည်း အဆိုပါ အမျိုးသားက ပြောသည်။

လက်ရှိတွင် ယင်းကဲ့သို့ လမ်းမှာသေပြီးသည့် ရက်လွန်ဝက်သားများကို အသားဖော်ပြီး ပြန်ရောင်းခြင်းများ မပြုကြရန် ဒေသခံများက တောင်းဆိုကြသည်။

May 9, 2026
စစ်အစိုးရ ၏ ရက် ၁၀၀ စီမံချက်ကြောင့် သျှမ်းပြည်အတွင်းသို့ တင်သွင်းကုန်များ ရပ်တန့်နေပြီး...
May 8, 2026
သျှမ်းပြည်တောင်ပိုင်း ၊ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းကြေးကို ယခင်ကထက်...
May 7, 2026
စိုင်းဟန်လင်း — သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင်...
May 6, 2026
စိုင်းဆိုင်အိုက် — မိုင်းပန်မြို့နယ် တောထဲတွင် တရုတ်နိုင်ငံသား အွန်လိုင်းလိမ်လည်သူ ကျားဖြန့်သမား...