မြစ်ကြီးနားမြို့ ၊ ခေမာသီရိရပ်ကွက် ၊ အောင်နန်းမီးပွိုင့်ထောင့်က နေအိမ်တစ်အိမ်တွင် မိသားစု အချင်းချင်း အမွေကိစ္စနဲ့ ပြဿနာဖြစ်ရာမှ စစ်တပ်ဗိုလ်ကြီးဟောင်းဖြစ်သူက သေနတ်နဲ့ပစ်ခတ်ခဲ့ခြင်းကြောင့် ယောက်ဖတော်စပ်သူ သေဆုံးသွားခဲ့ကြောင်း သိရသည်။
ယမန်နေ့ ညနေ (၅) နာရီ အချိန်ခန့်က အောင်နန်းမီးပွိုင့်ထောင့်ရှိ နေအိမ်အတွင်း အမျိုးသားနှစ်ဦး စကားများရန်ဖြစ်ရာမှ သေနတ်နှင့် ပစ်ခတ်ခဲ့ခြင်းကြောင့် သေဆုံးသွားသူမှာ ပစ်ခတ်ခဲ့သူနှင့် ယောက်ဖတော်စပ်သူဖြစ်ပြီး ဘယ်ဖက်ဝမ်းဗိုက်အောက်တစ်ချက် ၊ ခေါင်းတစ်ချက် ထိမှန်သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း ဖြစ်စဉ်ကို သိရှိသူတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။
" မနေ့က ညနေက သူတို့ မိသားစုအချင်းချင်း ပြဿနာဖြစ်တာ။ ဖြစ်တာက ယောက်ဖကနေပစ်လိုက်တာ ပစ်ခံရတဲ့သူနဲ့ ပစ်တဲ့သူနဲ့က ယောက်ဖတော်တယ်။ သူတို့က မိသားစုကိစ္စနဲ့ စကားများရင်းပစ်သွားတယ်လို့ပဲသိတယ်။ အခင်းဖြစ်ပွားတဲ့နေရာကတော့ အောင်နန်းမီးပွိုင့်ဒေါင့်နားလေးကပဲ။ သူတို့နေအိမ်မှာဖြစ်သွားတာပေါ့နော်”ဟု ၎င်းက ဆိုသည်။
သေနတ်ဖြင့် အပစ်ခံရပြီး သေဆုံးသွားသူမှာ ဦးဇဗ္ဗူကျော် ဖြစ်ပြီး အခင်းဖြစ်ပွားခဲ့သည့်အကြောင်းအရင်းအသေးစိတ်နှင့် အသုံးပြုခဲ့သည့် လက်နက်အမျိုးအစားကို မသိရှိရသေးပါ။







