မူတြော်(ဖာပွန်)ခရိုင်၊ ဖာပွန်မြို့အတွင်းရှိ စစ်ကောင်စီလက်အောက်တွင် တာဝန်ထမ်းဆောင်ကြသော အရပ်ဖက် ဆိုင်ရာ ဌာနအသီးသီးမှ ဝန်ထမ်းများအနေဖြင့် သတ်မှတ်ရက်အတွင်း မြို့တွင်းထွက်ခွာကြရန် ပြီးခဲ့သည့် ဇန်န ဝါရီလ ၂၉ ရက်နေ့တွင် ကရင်အမျိုးသားအစည်းအရုံး-KNU မူတြော်ခရိုင်( တပ်မဟာ -၅)က စာထုတ်ပြန် သတိပေးပြီးနောက် ဝန်ထမ်းပေါင်း ၁၀၀ ကျော်ထွက်ခွာသွားကြောင်း KNU ဘက်က အတည်ပြုပြောဆိုသည်။
ယခုလ ဖေဖော်ဝါရီလ ၁ ရက်မှ ၁၀ ရက်နေ့အထိ စစ်ကောင်စီ လက်အောက်ခံ အရပ်ဖက်ဆိုင်ရာ ဌာနအသီးသီးမှ ဝန်ထမ်များအနေဖြင့် မြို့တွင်း ထွက်ခွာကြရန် နှင့် မြို့ခံ ဝန်ထမ်းများအနေဖြင့်လည်း တာဝန်ထမ်းဆောင်မှုများကို ရှောင်ရှားကြရန် KNU ဘက်က စာထုတ်ပြန်ခဲ့ပြီးနောက် ယခုလို မြို့မှ ထွက်ခွာခဲ့ကြခြင်းဖြစ် ကြောင်း KNU တပ်မဟာ(၅) ဗျူဟာမှူး ဗိုလ်မှူးကြီး စောထူးကရှောက ယခုလိုပြောသည်။
“ကျနော်တို့ ရထားတဲ့ စာရင်းအရ ထွက်ခွာသွားတဲ့ သူတွေမှာ အမျိုးသမီး ၇၂ ဦး၊ အမျိုးသားက ၆၂ ဦး အား လုံးပေါင်း ၁၃၄ ဦးလောက် ထွက်သွားကြပြီး။” ဟု ဗိုလ်မှူးကြီး စောထူးကရှောက ကေအိုင်စီသို့ ယနေ့တွင် ပြောသည်။
ဖာပွန်မြို့မှ ထွက်ခွာသွားကြသည့် အရပ်ဖက်ဝန်ထမ်းများတွင် ပညာရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ တရားရေး၊ ဆက်သွယ်ရေးနှင့် စာရင်းစစ်ရုံးဌာနမှ အရပ်ဖက် ဝန်ထမ်းများဖြစ်ကြပြီး ထိုသို့ ထွက်ခွာနိုင်ရန် KNU ဘက်က လည်း ကူညီမှုများပေးခဲ့ရကြောင်းလည်း ဗိုလ်မှူးကြီး စောထူးကရှောက ဆက်ပြောသည်။
လတ်တလောတွင်လည်း စစ်ကောင်စီဘက်မှ စစ်မျက်နှာဖွင့်ရန် ၎င်းတို့၏ ဗျူဟာမှူး ကိုယ်တိုင်ဦးစီးကာ စစ်ကြောင်းကြီး နှစ်ကြောင်းခွဲ၍ ဖာပွန် အရှေ့ဘက်ခြမ်း မယ်ခုထ ဒေသဘက်သို့ တစ်ကြောင်း တက်သွားကာ အနောက် ဘက်ခြမ်း ဘလဲ့ပယ် ဒေသဘက်သို့ နောက်ထပ်တစ်ကြောင်းတက်သွားပြီး လက်နက်ကြီး လက်နက်ငယ်များဖြင့် တစ်နေကုန်ပစ်ခတ်မှုများလုပ်ဆောင်နေကြောင်းလည်း KNU တပ်မဟာ (၅) ဘက်က ပြောသည်။
လက်ရှိတွင် KNU တပ်မဟာ (၅) နယ်မြေအတွင်း၌ စစ်ကောင်စီဘက်မှ ဝင်ရောက်လှုပ်ရှားနေသည်မှာ စစ်ကောင်စီ သီးသန့် တပ်ရင်းပေါင်း (၉) ရင်းခန့်ရှိနေသလို ၎င်းတို့၏ လက်အောက်ခံ နယ်ခြားစောင့်တပ်(BGF) တပ်ဖွဲ့ဝင်များလည်း အများအပြား ရောက်ရှိနေပြီး နေ့စဉ် တိုက်ပွဲဖြစ်ပွားနေကြောင်း မြေပြင်သတင်းအရင်းအမြစ်များအရ သိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၂၉ ရက်နေ့က မူတြော်(ဖာပွန်)ခရိုင်၊ ဖာပွန်မြို့အတွင်းရှိ စစ်ကောင်စီ လက်အောက်တွင် တာဝန်ထမ်းဆောင်ကြသော အရပ်ဖက်ဆိုင်ရာ ဌာနအသီးသီးမှ ဝန်ထမ်းများအနေဖြင့် သတ်မှတ်ရက် ယခုလ ဖေဖော်ဝါရီ ၁ ရက်မှ ၁၀ ရက်နေ့အတွင်း ထွက်ခွာကြရန်နှင့် မြို့ခံ ဝန်ထမ်းများအနေဖြင့်လည်း တာဝန်ထမ်း ဆောင်မှုများကို ရှောင်ရှားကြရန် KNU တပ်မဟာ (၅) ဘက်က စာထုတ်ပြန် အသိပေးထားခြင်းဖြစ်သည်။
၎င်းတို့ ထုတ်ပြန်အသိပေးထားသည့် သတ်မှတ်ရက်ကာလအတွင်း အသိပေးထားသည့်အတိုင်း လိုက်နာမှု ပျက်ကွက်သွားပါက ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း KNUက သတိပေး ပြောဆို ထားသည်။
ထိုသို့ သတိပေးထုတ်ပြန်မှုကြောင့် ဖာပွန်မြို့ရှိ စစ်ကောင်စီ လက်အောက်ခံ ဝန်ထမ်းများကို စစ်ကောင်စီ ဗျူဟာ မှူးက အစည်းအဝေးခေါ်ယူ၍ မြို့တွင်း ထွက်ခွာ ရှောင်တိမ်းမှုများ မပြုလုပ်ရန် သတိပေးပြောဆိုထားသလို မြို့ တွင်းမှ ထွက်ခွာနိုင်မည့် လမ်းကြောင်းများအားလုံးကိုလည်း လုံခြုံရေး တင်းကြပ်ထားသည့်ကြားမှ ယခုလို အရပ် ဖက်ဝန်ထမ်း ၁၀၀ ကျော် မြို့မှ ထွက်ခွာခဲ့ခြင်းဖြစ်သည်။
အလားတူ KNU သထုံခရိုင်၊ ( တပ်မဟာ ၁ နယ်မြေ) ဖားအံမြို့နယ်ကလည်း အာဏာသိမ်းစစ်ကောင်စီ လက်အောက်ခံ အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများအားလုံး လက်ရှိတာဝန်မှ နုတ်ထွက်ပေးရန် ယမန်နေ့ ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် သတိပေးစာထုတ်ပြန်ကြေညာလိုက်သေးသည်။
၎င်းထုတ်ပြန်ချက်တွင် ကေအဲန်ယူ-သထုံခရိုင်၊ ဖားအံမြို့နယ်၊ တပ်ရင်း ၁ ထိန်းချုပ်နယ်မြေအတွင်း နယ်ခြား စောင့်တပ် BGF နှင့် ပြည်သူ့စစ် (ပသစ)များ မိမိလက်ရှိ လုပ်ငန်းတာဝန်မှ ထွက်ပေးရန်နှင့် စစ်ကောင်စီ နှင့် ပူးပေါင်းဆောင်ရွက်ခြင်းမပြုရန်၊ လက်ရှိဖြစ်ပွားနေသော အခြေအနေအရ (BGF) တပ်စခန်းတွင်နေထိုင်နေ သော မိသားစုဝင်အားလုံးသည် ၎င်းစခန်းအတွင်းမှ ထွက်ခွာပေးရန် နှင့် ဖားအံမြို့နယ်အတွင်း စစ်ကောင်စီ လက်အောက်တွင် တာဝန်ထမ်းဆောင်နေသော အရပ်ဖက် ဌာနဆိုင်ရာဝန်ထမ်းများအားလုံး မိမိလက်ရှိ လုပ်ငန်းတာဝန်မှ နုတ်ထွက်ပေးရန် စသည့် အချက် ၃ ချက် ပါဝင်သည်။
အဆိုပါ သတိပေး ထုတ်ပြန်ချက်ကို လိုက်နာဆောင်ရွက်ခြင်းမရှိပါက ဖြစ်လာမည့် ပြဿနာများကို တာဝန်ယူ မှာမဟုတ်ကြောင်းလည်း ကေအဲန်ယူ-သထုံခရိုင် လူမှုကွန်ရက် စာမျက်နှာတွင် ဖော်ပြသတိပေးထားသည်။







