မိုင်းယော်တိုက်နယ် မြောက်ပိုင်းမဟာမိတ်နှင့် စစ်ကောင်စီ တိုက်ပွဲဖြစ်၊ စကစ လေကြောင်းဖြင့်တိုက်ခိုက်

မိုင်းယော်တိုက်နယ် မြောက်ပိုင်းမဟာမိတ်နှင့် စစ်ကောင်စီ တိုက်ပွဲဖြစ်၊ စကစ လေကြောင်းဖြင့်တိုက်ခိုက်

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် မိုင်းယော်တိုက်နယ်အတွင်း မြောက်ပိုင်း မဟာမိတ် နှင့် စစ်ကောင်စီ တို့ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က လေယာဉ် (၂) စီးဖြင့် လာရောက် တိုက်ခိုက်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။

ဖေဖော်ဝါရီ (၇) ရက် မနက် (၁၀) နာရီခွဲချိန်မှ စတင်ပြီး စစ်ကောင်စီဘက်က လေကြောင်းလိုင်းဖြင့် လာရောက်တိုက်ခိုက်ပြီး လက်ရှိ သတင်းရေးသားချိန်ထိ တိုက်ပွဲဖြစ်ပွားနေကြောင်း သိရသည်။

“ဒီနေ့က မိုင်းယော် စျေးနေ့လည်းဖြစ်တယ်။ စျေးထဲက လူတွေ အကုန်ပြန်ကုန်ကြပြီ။ လားရှိုးကနေ လာရောင်းတဲ့ စျေးသည်တွေလည်း လားရှိုးကိုပြန်ကြကုန်ပြီ။ တိတ်ဆိတ်နေတာပဲ” ဟု မိုင်းယော်ဒေသခံ အမျိုးသား တစ်ဦး ကပြောသည်။

ထို တိုက်ပွဲဖြစ်ပွားသည့်နေရာသည် မိုင်းယော်တိုက်နယ် ဝမ်လုံကိန်ရွာ နှင့် နီးပြီး ၎င်းတောင်ကြောတစ်လျောက် လေကြောင်းလိုင်းဖြင့် လာရောက်ပစ်ခတ်နေကြောင်း သတင်းရရှိသည်။

“တိုက်ပွဲကတော့ ၉ နာရီလောက်က စဖြစ်တယ်။ လေကြောင်း နဲ့ လာတိုက်တာက (၁၀) နာရီခွဲလောက်ကဖြစ်မယ်” ဟု မိုင်းယော်ဒေသခံ တစ်ဦး ကပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီ (၂၈) ရက်က မိုင်းယော်တိုက်နယ် ဝမ်ဖာဖိန့် ကျေးရွာအနီး မြောက်ပိုင်းမဟာမိတ် နှင့် စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က လေကြောင်းလိုင်းနှင့် လာရောက်တိုက်ခိုက်သဖြင့် မြောက်ပိုင်းမဟာမိတ်အဖွဲ့ (၃၀) ကျော် သေဆုံးပြီး (၂၀) ဦးခန့် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

“သူတို့ လာရောက် တိုက်ခိုက်တုန်းကလဲ မြောက်ပိုင်းမဟာမိတ် တပ်ဖွဲ့တွေ စစ်သင်တန်းပေးတဲ့ နေရာတွေလို့ သိရတယ်။ အရာရှိ (၃) ဦးကိုလဲ ဖမ်းသွားတယ်လို့ ပြောတယ်” ဟု ‌ အမည်မဖော်လိုသူ တစ်ဦး ကပြောသည်။

ဇန်နဝါရီ (၂၈) ရက်မှာပဲ မိုင်းယော်တိုက်နယ် နှင့် မိုင်းဟက်ကြား လုံမွန်းကျေးရွာအုပ်စုအတွင်း သွားလာလှုပ်ရှားနေသည့် မဟာမိတ်တပ်ဖွဲ့၏ စခန်းနေရာများကို စစ်ကောင်စီဘက်မှ တိုက်လေယာဉ်ဖြင့် ထိုးစစ်ဆင်နေကြောင်း မိုင်းယော်တိုက်နယ်မှ ဒေသခံ တစ်ဦး ကပြောသည်။

လက်ရှိ မိုင်းယော်တိုက်နယ်အတွင်းတွင် သွားလာလှုပ်ရှားနေသည့် တိုင်းရင်းသားလက်နက်ကိုင်များအနေဖြင့် ကချင်တပ်မတော် (KIA)၊ ကိုးကန့်တပ်မတော် (MNDAA) ၊ တအာန်းအမျိုးသားတပ်မတော် (TNLA)၊ သျှမ်းတပ်မတော် (SSPP/SSA) နှင့် ရခိုင်တပ်မတော် (AA) တို့အပြင် စစ်ကောင်စီတပ်ဖွဲ့လည်း သွားလာလှုပ်ရှားနေကြောင်း သိရသည်။

Most read this week

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...