သျှမ်းပြည် ညီလာခံအတွက် ပြင်ဆင်ရေး နှီးနှောဖလှယ်ပွဲ RCSS ဦးဆောင်ကျင်းပနေ

သျှမ်းပြည် ညီလာခံအတွက် ပြင်ဆင်ရေး နှီးနှောဖလှယ်ပွဲ RCSS ဦးဆောင်ကျင်းပနေ

သျှမ်းပြည်ညီလာခံ ကျင်းပရေးအတွက် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA) မှ ဦးဆောင် ပြုလုပ်နေကြောင်း စုံစမ်းသိရှိရသည်။

ယနေ့ ဖေဖော်ဝါရီ (၃)ရက်မှ (၇)ရက်ထိ (၅) ရက်တာ သျှမ်းပြည် ညီလာခံကျင်းပရန်အတွက် ပြင်ဆင်ရေး နှီးနှောဖလှယ်ပွဲကို ထိုင်းနိုင်ငံ နယ်စပ်တစ်နေရာတွင် ပြုလုပ်ခဲ့သော်လည်း လာရောက်မတက်နိုင်သူများကိုလည်း Online Zoom meeting ဖြင့်သော်လည်းကောင်း တက်ရောက်ခဲ့ကြောင်း သိရသည်။

သျှမ်းပြည် ညီလာခံ၏ ရည်ရွယ်ချက်မှာ သျှမ်းပြည်တွင်းနေ တိုင်းရင်းသားလူထုအားလုံးက သျှမ်းပြည်ဖက်ဒရယ်မူနဲ့ သျှမ်းပြည်အခြေခံမူအတွက် ဆွေးနွေးသဘောတူ အတည်ပြုနိုင်ရေး၊ သျှမ်းပြည်ကို ကိုယ်စားပြုတဲ့ ဖက်ဒရယ်ကောင်စီ ဖွဲ့စည်းနိုင်ရေးနှင့် သျှမ်းပြည်ဖက်ဒရယ်မူနဲ့ သျှမ်းပြည်အခြေခံမူ ပေါ်ပေါက်ရေး ပူးပေါင်း အကောင်အထည်ဖော်ဆောင်ရေးတို့ ဖြစ်သည်။

သို့သော် လက်ရှိ သျှမ်းပြည်ညီလာခံ ပြင်ဆင်ရေးနှီးနှောဖလှယ်ပွဲကို သျှမ်းနိုင်ငံရေးပါတီများ၊ သျှမ်းပြည်တွင်းရှိ အဖွဲ့အစည်း အားလုံး ပါဝင်ခြင်းမရှိကြောင်းစုံစမ်းသိရသည်။

“မပါဝင်ရဘူး။ ဖိတ်စာလဲ မရောက်ဘူး။ ကျနော်တို့ဘက်လည်း ဘာမှ မသိရသေးဘူး” ဟု သျှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) ဥက္ကဋ္ဌ စိုင်းအိုက်ပေါင်း က သျှမ်းသံတော်ဆင့် ကို ပြောသည်။

RCSS က ဦးဆောင်ကျင်းပ ပြုလုပ်သည့် သျှမ်းပြည်ညီလာခံ ပြင်ဆင်ရေးအတွက် ဆွေးနွေးပွဲတွင် သျှမ်းပြည်တွင်း နိုင်ငံရေးပါတီများကို ဖိတ်ထားခြင်း မရှိကြောင်း သိရှိရသည်။

“ကျနော်တို့ ဖက်ဒရယ်မူကို ပြင်ဆင်တာဖြစ်တယ်။ ဒီဖက်ဒရယ်မူကို ပြင်ဆင်တဲ့နေရာမှာ အဆင့်ဆင့်ရှိတယ်။ ပထမတစ်ဆင့်ကျတော့ ပြင်တဲ့အပိုင်း၊ နောက်တစ်ဆင့်ကျတော့ ဆွေးနွေးညှိနှိုင်းပြီးတော့မှ အဖြေရှာတဲ့အပိုင်းပေါ့။ ဒီဖက်ဒရယ်မူကို ဘုံသဘောထားရအောင် ပြင်ဆင်တဲ့အပိုင်းပေါ့။ ကျနော်တို့ သျှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီရဲ့ ရပ်တည်ချက်က ကျနော်တို့ ဖက်ဒရယ်ကို တည်ဆောက်မယ်။ အတူတကွ နေထိုင်မယ်။ ဒါရပ်တည်ချက်ပေါ့” ဟု ဇန်နဝါရီ (၁၈)ရက်နေ့က (RCSS) ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး ခမ်းစံ က သျှမ်းသံတော်ဆင့် ကို ပြောခဲ့ဖူးသည်။

အလားတူ သျှမ်းပြည်ညီညွှတ်ရေးကော်မတီ (CSSU)သည်လည်း ဖက်ဒရယ်ကို အခြေခံသည့် တန်းတူညီမျှရေး သျှမ်းပြည်ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေ ပေါ်ပေါက်ရေးမူကြမ်းကို အတည်ပြုထားပြီး သျှမ်းပြည်တွင်းရှိ လက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများ၊ CSO များထံ (CSSU) က ချပြသွားရန် ရှိကြောင်း စုံစမ်းသိရှိရသည်။

Most read this week

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...