တာချီလိတ်မြို့ စစ်တပ်ထောက်ခံပွဲ ဗုံးခွဲတိုက်ခိုက်ခံရ စစ်သားများ ထိခိုက်ဒဏ်ရာရသူရှိ

တာချီလိတ်မြို့ စစ်တပ်ထောက်ခံပွဲ ဗုံးခွဲတိုက်ခိုက်ခံရ စစ်သားများ ထိခိုက်ဒဏ်ရာရသူရှိ

သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့တွင်းတွင် ယနေ့ (ဖေဖော်ဝါရီ ၁)ရက် စစ်တပ်ထောက်ခံပွဲ ပြုလုပ်ရာ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး စစ်သားများ ရမ်းသမ်းပစ်ခတ်မှုကြောင့် တပ်သားဘက်မှ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယနေ့ စစ်တပ်အာဏာသိမ်းမှု တစ်နှစ်ပြည့် အယောင်ပြထောက်ခံပွဲ ချီတက်ဆန္ဒပြမှုတွေ ပြုလုပ်နေစဥ် ဗုံးခွဲတိုက်ခိုက် ခံရတာဖြစ်ကြောင်း သတင်းသိရသည်။

“နေ့လည် ၁၂ ခွဲလောက်က ဖြစ်သွားတာပါ၊ စစ်တပ်က လူတွေအများစုပါတဲ့ စစ်တပ်အာဏာသိမ်းမှု ထောက်ခံပွဲပေါ့၊ လားဟူနဲ့ အာခါတိုင်းရင်းသားတွေလည်းပါတယ်၊ စစ်ကောင်စီတွေက ဒီတိုင်းရင်းသားတွေကိုပဲ အသုံးချပြီး စစ်တပ်ထောက်ခံပွဲလုပ်နေတာ၊ မနေ့ကနဲ့ ဒီနေ့ နှစ်ရက်ပေါ့၊ ဒီနေ့တော့ ဗုံးခွဲတိုက်ခိုက်ခံရတယ်” ဟု တာချီလိတ်မြို့ ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ ဗုံးခွဲတိုက်ခိုက်ခံရပြီးနောက် လုံခြုံရေးယူနေသည့် စစ်သားတို့က ဦးတည်ချက်မရှိ ရမ်းသမ်းပစ်ခတ်မှုများကြောင့် ပြည်သူတချို့ ထိခိုက်နစ်နာမှုရှိခဲ့ကြောင်း သတင်းသိရသည်။

“ဗုံးခွဲတာက ထိခိုက်မှုတော့ မရှိဘူး၊ ဗုံးကွဲပြီးတာနဲ့ လုံခြုံရေးလှည့်နေတဲ့ စစ်သားနဲ့ ရဲတွေက ဦးတည်ချက်မရှိ သေနတ်တွေ ရမ်းပစ်လို့ ထိခိုက်ဒဏ်ရာရသူရှိတယ်၊ သေဆုံးတဲ့ သူလည်း ရှိနေတယ်လို့ ကြားတယ်၊ လူဦးရေနဲ့ အသေးစိတ်တော့ မသိရသေးဘူး” ဟု အထက်ပါ ပုဂ္ဂိုလ်က ဆက်ပြောပြထားသည်။

ယနေ့ ဖေဖော်ဝါရီလ ၁ ရက်နေ့သည် နိုင်ငံတော်အာဏာကို စစ်တပ်မှ သိမ်းယူသည့် တစ်နှစ်ပြည့် နေ့ရက်ဖြစ်ပြီး စစ်ကောင်စီတို့က ပြည်သူများကို အတင်းအဓမ္မ ခိုင်းစေညွှန်ကြားကာ အယောင်ပြ စစ်အာဏာသိမ်းမှုကို ထောက်ခံပွဲကျင်းပခဲ့ခြင်းဖြစ်သည်။

ယနေ့ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် စစ်အာဏာသိမ်းမှု တစ်နှစ်ပြည့် ထောက်ခံပွဲကျင်းပသည့် သျှမ်းပြည်အတွင်းမှ မြို့များအနေဖြင့် တောင်ကြီး၊ လားရှိုး၊ တာချီလိတ်နှင့် ဟိုပုံးမြို့များအနက် တာချီလိတ်မြို့ တစ်ခုတည်းသာ ဗုံးခွဲတိုက်ခိုက်ခံရခြင်း ဖြစ်သည်။

May 9, 2026
စစ်အစိုးရ ၏ ရက် ၁၀၀ စီမံချက်ကြောင့် သျှမ်းပြည်အတွင်းသို့ တင်သွင်းကုန်များ ရပ်တန့်နေပြီး...
May 8, 2026
သျှမ်းပြည်တောင်ပိုင်း ၊ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းကြေးကို ယခင်ကထက်...
May 7, 2026
စိုင်းဟန်လင်း — သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင်...
May 6, 2026
စိုင်းဆိုင်အိုက် — မိုင်းပန်မြို့နယ် တောထဲတွင် တရုတ်နိုင်ငံသား အွန်လိုင်းလိမ်လည်သူ ကျားဖြန့်သမား...