သီပေါစစ်ရှောင် ၄၅၀ ကျော် စားနပ်ရိက္ခာနှင့် နေရာ ခက်ခဲကြုံနေ

သီပေါစစ်ရှောင် ၄၅၀ ကျော် စားနပ်ရိက္ခာနှင့် နေရာ ခက်ခဲကြုံနေ

သျှမ်းမြောက် သီပေါမြို့နယ် ဘော်ကြိုဘုရားကြီးတွင် စစ်ဘေးတိမ်းရှောင်နေရသူ (၄၅၀)ကျော်ထိ ရှိလာပြီး စားနပ်ရိက္ခာနှင့် နေရာများ ခက်ခဲကြုံနေကြောင်း သတင်းသိရသည်။

ပြီးခဲ့သည့် ရက်ပိုင်းက စစ်ဘေးရှောင်တချို့ နေရပ် ပြန်သွားသော်လည်း ဇန်နဝါရီ ၂၄ နှင့် ယမန်နေ့ (ဇန်နဝါရီ ၂၅)ရက်တွင် စစ်ဘေးတိမ်းရှောင်လာသူဦးရေ ပိုမိုများပြားလာကြောင်း သိရသည်။

“ပြီးခဲ့တဲ့ ရက်ပိုင်းက စစ်ရှောင်တချို့ ပြန်သွားသေးတယ်။ ဒါပေမယ့် မနေ့ကနဲ့ ဒီနေ့ ပြန်ပြေးလာရတယ်။ တစ်ရွာလုံးနီးပါးပဲ။ တိုက်ပွဲတွေ ထပ်ဖြစ်လို့ ပြန်ပြေးလာကြတာ။ ရွာထဲ ဘယ်သူမှ မရှိတော့ဘူး။ သူတို့တွေက ဘယ်လောက်ကြာကြာ နေရမလဲ မသိတော့ စားနပ်ရိက္ခာကတော့ ခက်ခဲတယ်” ဟု စစ်ရှောင်များကို ကူညီနေသည့် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိ စစ်ရှောင်များမှာ သီပေါမြို့နယ် ကျင်သီကျေးရွာအုပ်စု ကျင်သီနှင့် ပုံဖမ်းကျေးရွာတို့မှ အများစုဖြစ်ပြီး ပြီးခဲ့သည့် ဇန်နဝါရီလ ၉ ရက်နေ့ဝန်းကျင်ကတည်းက စစ်ဘေးတိမ်းရှောင်လာသည့်သူများ ဖြစ်သည်။

ထို့အပြင် စစ်ဘေးရှောင်သူများ ပိုမိုများပြားလာပါက နေရာ အခက်ခဲများလည်း ရှိလာနိုင်ကြောင်း အထက်ပါ အမျိုးသားက ပြောသည်။

“ခုက ၄၅၀ လောက်ရှိနေပြီ။ ကျောင်းမှာရှိတဲ့ နေရာကလည်း ပြည့်သလောက် ဖြစ်နေပြီ။ နောက်ထပ် ရောက်လာဦးမယ်ဆိုရင်တော့ နေရာက အခက်ခဲ ရှိနိုင်တယ်။ မြို့ထဲကို ပို့ရဖို့လည်း ရှိတယ်” ဟု ထို စစ်ဘေးရှောင်ကူညီသူက ဆိုသည်။

ထို ဘော်ကြိုဘုန်းကြီးကျောင်းတွင် ရောက်ရှိခိုလှုံနေသည့် စစ်ဘေးရှောင်ပြည်သူများမှ တိုက်ပွဲ အမြန်ဆုံး ရပ်နားပေးရန်လည်း တောင်းဆိုမှု ပြုလုပ်ထားသည်။

“ကျနော်တို့တွေ စစ်ဘေးရှောင်နေရတာ အရမ်းခက်ခဲတယ်။ အိမ်နဲ့ ကျွဲနွားတွေကို စိတ်ပူတယ်။ အရမ်းပြန်ချင်တယ်။ မရိတ်သိမ်းရသေးတဲ့ သီးနှံတွေလည်း အများကြီးရှိနေသေးတယ်။ တိုက်ပွဲ အမြန်ဆုံး ရပ်နားပေးဖို့ မျှော်လင့်တယ်။ ရွာတွေထဲကနေ သူတို့ တပ်တွေ အကုန် ပြန်ဆုတ်ပေးဖို့ တောင်းဆိုလိုပါတယ်” ဟု စစ်ဘေးရှောင် သက်ကြီး အမျိုးသားတစ်ဦးက ပြောသည်။

ယခုလဆန်းပိုင်း မှ စပြီး ကျောက်မဲနှင့် သီပေါမြို့နယ် ကြားတွင် တိုင်းရင်းသားလက်နက်ကိုင်အချင်းချင်း တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒေသခံ ရာချီ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ယနေ့ထိတိုင် တိုက်ပွဲသံ ဆက်လက်ကြား နေရဆဲ ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

May 9, 2026
စစ်အစိုးရ ၏ ရက် ၁၀၀ စီမံချက်ကြောင့် သျှမ်းပြည်အတွင်းသို့ တင်သွင်းကုန်များ ရပ်တန့်နေပြီး...
May 8, 2026
သျှမ်းပြည်တောင်ပိုင်း ၊ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းကြေးကို ယခင်ကထက်...
May 7, 2026
စိုင်းဟန်လင်း — သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင်...
May 6, 2026
စိုင်းဆိုင်အိုက် — မိုင်းပန်မြို့နယ် တောထဲတွင် တရုတ်နိုင်ငံသား အွန်လိုင်းလိမ်လည်သူ ကျားဖြန့်သမား...