ပင်းတယမြို့နယ်တွင် ပရဟိတသမားအပါအဝင် ဒေသခံ ၆ ဦးကို စစ်ကောင်စီဖမ်းဆီး

ပင်းတယမြို့နယ်တွင် ပရဟိတသမားအပါအဝင် ဒေသခံ ၆ ဦးကို စစ်ကောင်စီဖမ်းဆီး

သျှမ်းပြည်တောင်ပိုင်း ပင်းတယမြို့နယ်ထဲတွင် ပရဟိတသမား ၂ ဦး၊ အမျိုးသမီးတစ်ဦး အပါအဝင် ဒေသခံပြည်သူ ၆ ဦးကို အာဏာသိမ်းစစ်ကောင်စီက အကြောင်းမဲ့ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း စုံစမ်းသိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၃၀ ရက် ည သန်းခေါင်ယံ အချိန်တွင် ပင်းတယမြို့နယ် ရွှေပုထိုးရပ်ကွက်ရှိ နေအိမ်တစ်အိမ်ကို အင်အား ၅၀ ကျော်ရှိသည့် စစ်ကောင်စီတပ်သားတို့က ကားဖြင့် လာရောက်ပြီး အိမ်ရှင်ဖြစ်သူ လင်မယားနှစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သတင်းရရှိသည်။

“ကားက ၇ စီးကျော်ရှိတယ်၊ လက်နက်အပြည့်အစုံနဲ့ စစ်သားရော ရဲရော၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးလည်းပါတယ်၊ အိမ်ထဲဝင်ပြီးတော့ အိမ်သားတွေကို ရိုက်နက်တဲ့အသံ၊ ဆဲဆိုတဲ့အသံတွေ ကြားနေရတယ်၊ နာရီဝက်လောက် ကြာတော့ အိမ်ရှင် အမျိုးသားနဲ့ သူ့ဇနီးကို လက်ထိပ်နဲ့ ခေါ်ထွက်လာတာ တွေ့ရတယ်၊ ဘယ်ကိုခေါ်သွားလဲတော့ မသိရဘူး” ဟု အနီးပတ်ဝန်းကျင်မှ မြင်တွေ့ရသူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထို့အတူပင် ဒီဇင်ဘာလ ၃၀ ရက်နေ့တွင်လည်း ပင်းတယမြို့နယ်မှ ပရဟိတသမား လူငယ်တစ်ဦးနှင့် တခြားသော လူငယ် ၃ ဦးတို့ကိုလည်း စစ်ကောင်စီက အကြောင်းရင်းမရှိ ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း သတင်းသိရသည်။

“အဲ့ညမှာ (ဒီဇင်ဘာလ ၃၀ရက်နေ့ ည) လူငယ် ၄ ဦး အဖမ်းခံပါတယ်၊ အဲ့လေးယောက်မှာ ဒေသခံလူငယ်တွေနဲ့ ပေါင်းပြီး Q စင်တာတွေ၊ ကိုဗစ်ဖြစ်တဲ့ ရွာတွေကို လိုက်လှူပေးနေတယ်။ သူတို့ကို ဘယ်ကိုခေါ်သွားလဲဆိုတာ အခုထိ မသိရသေးဘူး။ ဖုန်းတွေလည်းပါသွားလို့ သူတို့နဲ့ သိတဲ့သူတွေကို ရှောင်တိမ်းစေချင်တယ်” ဟု ဖြစ်စဥ်ကို သိရှိသူ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပင်းတယမြို့နယ်သည် စစ်တပ်အခြေစိုက်သည့် နေရာဖြစ်ပြီး တော်လှန်ရေးလှုပ်ရှားမှု မရှိသည့်မြို့နယ် ဖြစ်နေသော်လည်း ယခုရက်ပိုင်းအတွင်းတွင် အာဏာသိမ်းစစ်ကောင်စီတို့က လမ်းသွားလမ်းလာပြည်သူများကို ရိုက်နှက်စစ်ဆေးခြင်း၊ ညအချိန်မတော် ပြည်သူအိမ်များကို ဝင်ရောက်စီးနှင်းပြီး အကြောင်းရင်းမရှိ ရိုက်နှက် ဖမ်းဆီးခြင်းများ ပြုလုပ်ခဲ့ကြောင်းသိရသည်။

May 9, 2026
စစ်အစိုးရ ၏ ရက် ၁၀၀ စီမံချက်ကြောင့် သျှမ်းပြည်အတွင်းသို့ တင်သွင်းကုန်များ ရပ်တန့်နေပြီး...
May 8, 2026
သျှမ်းပြည်တောင်ပိုင်း ၊ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းကြေးကို ယခင်ကထက်...
May 7, 2026
စိုင်းဟန်လင်း — သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင်...
May 6, 2026
စိုင်းဆိုင်အိုက် — မိုင်းပန်မြို့နယ် တောထဲတွင် တရုတ်နိုင်ငံသား အွန်လိုင်းလိမ်လည်သူ ကျားဖြန့်သမား...