ပင်းတယမြို့နယ်တွင် ပရဟိတသမားအပါအဝင် ဒေသခံ ၆ ဦးကို စစ်ကောင်စီဖမ်းဆီး

ပင်းတယမြို့နယ်တွင် ပရဟိတသမားအပါအဝင် ဒေသခံ ၆ ဦးကို စစ်ကောင်စီဖမ်းဆီး

သျှမ်းပြည်တောင်ပိုင်း ပင်းတယမြို့နယ်ထဲတွင် ပရဟိတသမား ၂ ဦး၊ အမျိုးသမီးတစ်ဦး အပါအဝင် ဒေသခံပြည်သူ ၆ ဦးကို အာဏာသိမ်းစစ်ကောင်စီက အကြောင်းမဲ့ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း စုံစမ်းသိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၃၀ ရက် ည သန်းခေါင်ယံ အချိန်တွင် ပင်းတယမြို့နယ် ရွှေပုထိုးရပ်ကွက်ရှိ နေအိမ်တစ်အိမ်ကို အင်အား ၅၀ ကျော်ရှိသည့် စစ်ကောင်စီတပ်သားတို့က ကားဖြင့် လာရောက်ပြီး အိမ်ရှင်ဖြစ်သူ လင်မယားနှစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သတင်းရရှိသည်။

“ကားက ၇ စီးကျော်ရှိတယ်၊ လက်နက်အပြည့်အစုံနဲ့ စစ်သားရော ရဲရော၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးလည်းပါတယ်၊ အိမ်ထဲဝင်ပြီးတော့ အိမ်သားတွေကို ရိုက်နက်တဲ့အသံ၊ ဆဲဆိုတဲ့အသံတွေ ကြားနေရတယ်၊ နာရီဝက်လောက် ကြာတော့ အိမ်ရှင် အမျိုးသားနဲ့ သူ့ဇနီးကို လက်ထိပ်နဲ့ ခေါ်ထွက်လာတာ တွေ့ရတယ်၊ ဘယ်ကိုခေါ်သွားလဲတော့ မသိရဘူး” ဟု အနီးပတ်ဝန်းကျင်မှ မြင်တွေ့ရသူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထို့အတူပင် ဒီဇင်ဘာလ ၃၀ ရက်နေ့တွင်လည်း ပင်းတယမြို့နယ်မှ ပရဟိတသမား လူငယ်တစ်ဦးနှင့် တခြားသော လူငယ် ၃ ဦးတို့ကိုလည်း စစ်ကောင်စီက အကြောင်းရင်းမရှိ ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း သတင်းသိရသည်။

“အဲ့ညမှာ (ဒီဇင်ဘာလ ၃၀ရက်နေ့ ည) လူငယ် ၄ ဦး အဖမ်းခံပါတယ်၊ အဲ့လေးယောက်မှာ ဒေသခံလူငယ်တွေနဲ့ ပေါင်းပြီး Q စင်တာတွေ၊ ကိုဗစ်ဖြစ်တဲ့ ရွာတွေကို လိုက်လှူပေးနေတယ်။ သူတို့ကို ဘယ်ကိုခေါ်သွားလဲဆိုတာ အခုထိ မသိရသေးဘူး။ ဖုန်းတွေလည်းပါသွားလို့ သူတို့နဲ့ သိတဲ့သူတွေကို ရှောင်တိမ်းစေချင်တယ်” ဟု ဖြစ်စဥ်ကို သိရှိသူ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပင်းတယမြို့နယ်သည် စစ်တပ်အခြေစိုက်သည့် နေရာဖြစ်ပြီး တော်လှန်ရေးလှုပ်ရှားမှု မရှိသည့်မြို့နယ် ဖြစ်နေသော်လည်း ယခုရက်ပိုင်းအတွင်းတွင် အာဏာသိမ်းစစ်ကောင်စီတို့က လမ်းသွားလမ်းလာပြည်သူများကို ရိုက်နှက်စစ်ဆေးခြင်း၊ ညအချိန်မတော် ပြည်သူအိမ်များကို ဝင်ရောက်စီးနှင်းပြီး အကြောင်းရင်းမရှိ ရိုက်နှက် ဖမ်းဆီးခြင်းများ ပြုလုပ်ခဲ့ကြောင်းသိရသည်။

Most read this week

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...