ကျုံမငေးက သတင်းပေးဆိုသူ ပစ်သတ်ခံရ

ကျုံမငေးက သတင်းပေးဆိုသူ ပစ်သတ်ခံရ

ဧရာဝတီတိုင်း၊ ကျုံမငေးမြို့ရှိ စစ်ကောင်စီသတင်းပေး ဆိုသူ အမျိုးသားတစ်ဦး ဒီဇင်ဘာလ ၂၄ ရက်နေ့ (ယနေ့) နံနက် ၈ နာရီခွဲဝန်းကျင် အချိန်က သေနတ်ဖြင့် ပစ်ခတ်ခံရသဖြင့် သေဆုံးသွားသည်ဟု မြို့ခံများက ပြောသည်။

ကျုံမငေးမြို့၊ အုန်းပင်ရပ်ကွက်တွင်နေထိုင်သည့် အသက် ၃၅ နှစ် အရွယ် ဝေယံ ဆိုသူသည် ကမ်းနားလမ်းရှိ ၎င်း ၏ ထမင်းဆိုင်တွင် ရှိနေစဉ် အမည်မသိလက်နက်ကိုင်အချို့က လာရောက်ပစ်ခတ်သွားခြင်း ဖြစ်သည်။

ကျုံမငေးမြို့တွင်နေထိုင်သည့် အသက် ၃၀ ကျော် အရွယ် အမျိုးသမီးတစ်ဦး က “သူကဒလန်အကြီးစား။ သူနဲ့ မတည့်တဲ့ သူတွေဆို စစ်တပ်နဲ့ပေါင်းပြီး အိမ်တွေဝင်ရှာတာတွေ ဘာတွေလုပ်တယ်။ EPC ရုံးပေါက်ကွဲမှုမှာ လည်း သူ့ကြောင့် ၁၅ ယောက်လောက် အဖမ်းခံလိုက်ရတယ်” ဟု ပြောသည်။

သေဆုံးသူ ဝေယံသည် ကျုံမငေးမြို့ရှိ မော်တော်ရေယာဉ်များကို လိုင်စင်အကြောင်းပြကာ စစ်ကောင်စီနှင့် ပူး ပေါင်းပြီး အဓမ္မ ငွေကြေးတောင်းခံခြင်း၊ သတင်းပေးခြင်းများ အကြိမ်ကြိမ်ပြုလုပ်နေသည်ဟု တိုင်ကြားမှုများ ရှိနေသည်ဟု ဝါးခယ်မမြို့ပြပြောက်ကျား တပ်ဖွဲ့က ထုတ်ပြန်သည်။

“သူက တရုတ်ဘုံကျောင်းနားက သင်္ဘောဆိပ်မှာ လာကပ်တဲ့ သင်္ဘောတွေကို အခွန်ပုံစံမျိုး ကောက်တယ်။ သူ့ ထမင်းဆိုင်ကလည်း အဲ့ဒီမှာပဲ” ဟု ကမ်းနားလမ်းရှိ စျေးဆိုင်ပိုင်ရှင် အမျိုးသားတစ်ဦးက ပြောသည်။

ဝါးခယ်မမြို့ပြ ပြောက်ကျားတပ်ဖွဲ့အနေဖြင့် သေဆုံးသူ ဝေယံအား သတိပေးခဲ့သော်လည်း စစ်ကောင်စီထံ သတင်းပေးမှုများ ဆက်လက် လုပ်ကိုင်နေသဖြင့် ဧရာဝတီလင်းပိုင်အဖွဲ့နှင့် ပူးပေါင်းကာ ရှင်းလင်းခဲ့ခြင်း ဖြစ် သည်ဟု ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။

ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် သေဆုံးသူ ဝေယံ၏ ရုပ်အလောင်းကို ပုသိမ် ဆေးရုံသို့ ယူဆောင်သွားကြသည်ဟု ကျုံမငေးမြို့ခံများ က ဆိုသည်။

July 31, 2026
ရခိုင်ပြည်တစ်ဝန်းတွင် သွေးလွန်တုတ်ကွေးရောဂါ ဆက်တိုက်ဖြစ်ပွားနေပြီး ဆေးရုံတက်ရောက် ကုသသူ ၁၅၅...
July 31, 2026
ရခိုင်ပြည်၊ မောင်တောခရိုင်အတွင်းရှိ မာဒရာဆာကျောင်းများတွင် ရခိုင်စာ၊ စကားသင်ကြားရန်နှင့်...
July 31, 2026
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်မြစ်ရေကာတာ တာဘောင်...
July 30, 2026
ရခိုင်ပြည်အတွင်းရှိ မင်းပြားမြို့နှင့် ပေါက်တောမြို့များကို အာရက္ခတပ်တော် (AA) က...