နမ့်စန်မြို့နယ် နားရိုင်းပြည်သူ့စစ် ပြောင်းခြံပိုင်ရှင်ထံ ဆက်ကြေးကောက်

နမ့်စန်မြို့နယ် နားရိုင်းပြည်သူ့စစ် ပြောင်းခြံပိုင်ရှင်ထံ ဆက်ကြေးကောက်

သျှမ်းပြည်တောင်ပိုင်း နမ့်စန်မြို့နယ်ရှိ စစ်ကောင်စီလက်အောက်ခံ နားရိုင်းပြည်သူ့စစ်မှ ပြောင်းခြံပိုင်ရှင်ထံ ဆက်ကြေးကောက်နေကြောင်း စုံစမ်းသိရှိရသည်။

နမ့်စန်မြို့နယ် လိုက်ခါးကျေးရွာရှိ ပြောင်းစိုက်သည့် ခြံပိုင်ရှင်များထံ ဒီဇင်ဘာ (၂၆) ရက်နေ့ နောက်ဆုံးထားပြီး ဆက်ကြေးလာပေးရမည်ဖြစ်ကြောင်း လိုက်ခါးကျေးရွာ ပြောင်းခြံပိုင်ရှင် တစ်ဦးထံမှ စုံစမ်းသိရှိရသည်။

“ဒီနှစ်မှ သူတို့ စကောက်လာတယ်။ တစ်ခါမှ မကောက်ဖူးသေးဘူး။ တစ်ရွာလုံးကို (၅၅)သိန်း သွားသွင်းခိုင်းတယ်။ ကျနော်တို့ တစ်ရွာလုံးနီးပါး ပြောင်းခြံတွေ စိုက်ကြတယ်။ လယ်ယာအခွန်လို့ပြောတယ်” ဟု လိုက်ခါးကျေးရွာ ဒေသခံ ပြောင်းခြံပိုင်ရှင် အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

နားရိုင်းပြည်သူ့စစ်မှ နမ့်စန်မြို့နယ် လိုက်ခါးကျေးရွာ၊ ဟိုနားကျေးရွာ၊ ဦးမာန်ကျေးရွာနှင့် နောင်မိုကျေးရွာတို့ရှိ ပြောင်းခြံပိုင်ရှင်ထံ ဆက်ကြေးကောက်နေကြောင်း စုံစမ်းသိရှိရသည်။

“ဒီလိုအခွန်က မရှိသင့်ဘူး။ ဘိုးဘွားစဉ်ဆက်လုပ်လာတာ တခါမှ မပေးရဘူး။ ပြည်သူတွေက ရှာစားရတာ ခက်ခဲတယ်။ ရောဂါအခြေနေ၊ နိုင်ငံရေး အခြေနေတွေကြောင့် ငွေတွေက ရှာရခက်တယ်။ ပြောင်းကလဲ အလုပ်သိပ်မဖြစ်တော့ဘူး” ဟု လိုက်ခါးကျေးရွာ ဒေသခံ ပြောင်းခြံပိုင်ရှင် အမျိုးသား တစ်ဦးက ပြောသည်။

နားရိုင်းပြည်သူ့စစ် ဆက်ကြေးလာကောက်သည့် လိုက်ခါးကျေးရွာနှင့် ဟိုနားကျေးရွာမှာ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA)တို့ လှုပ်ရှားရာနယ်မြေဖြစ်ပြီး ဦးမာန်ကျေးရွာနှင့် နောင်မိုကျေးရွာသည် နားရိုင်းပြည်သူ့စစ် လှုပ်ရှားရာနယ်မြေ ဖြစ်သည်။

နားရိုင်းပြည်သူ့စစ်အဖွဲ့သည် ဒေသတွင်းရှိ တိုင်းရင်းသားများဖြင့် ဖွဲ့စည်းထားပြီး အင်အား (၁၀၀၀)ကျော်ခန့်ရှိသည်။

၁၉၉၆ ခုနှစ်တွင် (မုန်းတိုင်းတပ်မတော်) MTA မှ လက်နက်ချပြီးနောက် နားရိုင်းပြည်သူ့စစ်အဖွဲ့အား ကိုဂျိုးဆန်းက ဦးဆောင်ပြီး မတ်ကျိုင်း ပြည်သူ့စစ်ကို ဦးစိုင်းလူ ခေါင်းဆောင်ကာ စစ်အစိုးရမှ ပြည်သူ့စစ်အဖြစ် ပြန်လည် တာဝန်ခန့်အပ်ခဲ့သည့် အဖွဲ့များဖြစ်ကြကြောင်း သတင်းနှင့်မီဒီယာကွန်ယက်မှ ဖော်ပြထားသည်။

May 9, 2026
စစ်အစိုးရ ၏ ရက် ၁၀၀ စီမံချက်ကြောင့် သျှမ်းပြည်အတွင်းသို့ တင်သွင်းကုန်များ ရပ်တန့်နေပြီး...
May 8, 2026
သျှမ်းပြည်တောင်ပိုင်း ၊ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းကြေးကို ယခင်ကထက်...
May 7, 2026
စိုင်းဟန်လင်း — သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင်...
May 6, 2026
စိုင်းဆိုင်အိုက် — မိုင်းပန်မြို့နယ် တောထဲတွင် တရုတ်နိုင်ငံသား အွန်လိုင်းလိမ်လည်သူ ကျားဖြန့်သမား...