ရွာငံမြို့နယ် အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ

ရွာငံမြို့နယ် အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ

သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ်မှ ရွာငံမြို့နှင့် နွားဘန်းကြီးကျေးရွာကြားရှိ ကော်ဖီစက်ရုံတွင်နေထိုင်သည့် အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရကြောင်း သတင်းသိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၂ ရက် ညနေ ၄ နာရီဝန်းကျင်တွင် ကော်ဖီစက်ရုံမှ အသက် ၆၃ နှစ်အရွယ်ရှိ အမျိုးသား တစ်ဦးကို အမည်မသိ လူနှစ်ဦးမှ သေနတ်ဖြင့် လာရောက်ပစ်သတ်သွားကြောင်း သိရသည်။

“ဆိုင်ကယ်နဲ့ လာတာပါ၊ အမျိုးသားနှစ်ယောက် မျက်နှာဖုံးကိုယ်စီနဲ့ လာပြီး သေနတ်နဲ့ပစ်သွားတယ်၊ တစ်ချက် တည်းပါပဲ၊ ပါးကနေ နောက်စေ့ဘက်ကို ကျည်ဆံက ဖောက်ထွက်သွားတယ်၊ နေရာတင် ပွဲချင်းပြီး သေဆုံးသွားတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပစ်ခတ်ခံရပြီး သေဆုံးသွားသည့် အမျိုးသား၏ ရုပ်အလောင်းကို ရွာငံမြို့ရှိ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့မှ သွားရောက်သယ်ဆောင်ခဲ့ပြီး ရွာငံမြို့ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

“ကျနော်တို့ကို လူနာတင်ယာဥ်အကူအညီလိုအပ်တယ်ဆိုပြီး ဖုန်းဆက်ပြောလာတာက ညနေ ၄ နာရီခွဲလောက်ပါ၊ ကျနော်တို့ရောက်သွားတော့ သေဆုံးနေပါပြီ၊ ရင်ခွဲရုံကို ပို့ဆောင်ထားပါတယ်” ဟု ရွာငံမြို့ရှိ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့မှ အသင်းဝင်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိ ပစ်သတ်ခံရသူသည် စစ်တပ်သတင်းပေး ဒလန်ဟု နာမည်ထွက်နေသူဖြစ်ပြီး ရွာငံမြို့တွင်းမှ တရားခံ မသိ အသတ်ခံရသည့် ဖြစ်စဥ်များအနက်မှ သုံးယောက်မြောက်ဖြစ်ကြောင်း သိရသည်။

စစ်တပ်မှ နိုင်ငံတော်အာဏာသိမ်းပြီးနောက်ပိုင်း ရွာငံမြို့နယ်အတွင်းတွင် စစ်ကောင်စီတို့သည် ပြည်သူ့နေအိမ်များအား ဝင်မွှေခြင်း၊ ရွာသားအချို့အား ဖမ်းဆီးခြင်း၊ သေနတ်ပစ်ဖောက်ခြောက်လန့်ခြင်းများ ပြုလုပ်ခဲ့ပြီး ဒလန်ဟု နာမည်ထွက်နေသည့် ပြည်သူသုံးဦးလည်း အသတ်ခံခဲ့ရသည်။

လက်ရှိတွင် ရွာငံမြို့အတွင်းမှာ ဒလန်ဟု နာမည်ထွက်နေသူများသည် နိုဝင်ဘာလ ၁၀ ရက်နေ့တွင် လည်းကောင်း၊ နိုဝင်ဘာလ ၂၃ ရက်နေ့တွင်လည်းကောင်း၊ ယခု ဒီဇင်ဘာလ ၂၂ နေ့တွင် လည်းကောင်း အသတ်ခံရမှုများ ရှိခဲ့သည်။

May 9, 2026
စစ်အစိုးရ ၏ ရက် ၁၀၀ စီမံချက်ကြောင့် သျှမ်းပြည်အတွင်းသို့ တင်သွင်းကုန်များ ရပ်တန့်နေပြီး...
May 8, 2026
သျှမ်းပြည်တောင်ပိုင်း ၊ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းကြေးကို ယခင်ကထက်...
May 7, 2026
စိုင်းဟန်လင်း — သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင်...
May 6, 2026
စိုင်းဆိုင်အိုက် — မိုင်းပန်မြို့နယ် တောထဲတွင် တရုတ်နိုင်ငံသား အွန်လိုင်းလိမ်လည်သူ ကျားဖြန့်သမား...