ဖယ်ခုံမြို့နယ် လူသားဒိုင်းအဖြစ် ဖမ်းခံရသည့် အမျိုးသား(၂)ဦး သေဆုံး

ဖယ်ခုံမြို့နယ် လူသားဒိုင်းအဖြစ် ဖမ်းခံရသည့် အမျိုးသား(၂)ဦး သေဆုံး

သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ် ရွှေပြည်အေးကျေးရွာတွင် လူသားဒိုင်းအဖြစ် ဖမ်းဆီးခံထားရသည့် အမျိုးသား (၂)ဦး ယခုအခါ သေဆုံးသွားပြီဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၂၉ ရက်တွင် စစ်ကောင်စီ တပ်ဖွဲ့မှ ဖယ်ခုံမြို့နယ် ရွှေပြည်အေးကျေးရွာတွင် နေထိုင်သည့် အရပ်သား ၉ ဦးကို ဖမ်းဆီးပြီး လူသားဒိုင်းအဖြစ် ခေါ်ဆောင်သွားခဲ့ရာ ထိုထဲတွင် အသက်(၆၇)နှစ်အရွယ်ရှိ ဦးမောင်ယိုနှင့် အသက် (၄၉)နှစ်အရွယ်ရှိ ဦးစိုးတင့်တို့သည် ရိုက်နှက်ခံရပြီး သေဆုံးသွားကြောင်း သတင်းရရှိသည်။

“သူတို့က အသက်ကြီးတဲ့သူတွေဖြစ်တယ်။ ကိုဗစ်ကြောင့် သေတာ မဟုတ်ဘူး။ သူတို့ကို ရိုက်နှက်ထားတဲ့ ဒဏ်ရာတွေကြောင့်သေတာ။ ဘယ်နားသေလဲတော့ ကျနော်တို့မသိဘူး။ ကျနော်တို့လည်း ၂၀ ရက်နေ့လောက်မှ သိရတာ” ဟု ရွှေပြည်အေး ကျေးရွာဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ထိုလူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည့် (၁၉)ဦးသည် လက်ရှိတွင် တောင်ကြီး အမှတ် (၁) ရဲစခန်းမှာ ရှိနေသော်လည်း သေဆုံးသွားသည့် အမျိုးသား ၂ ဦးသည် မည်သည့်အချိန်က သေဆုံးသွားသည်ကို ယခုချိန်ထိ မသိရှိရသေးကြောင်း ဒေသခံအမျိုးသားက ထပ်လောင်းပြောသည်။

“အဲဒီ (၂) ယောက်က ဘယ်နားမှာ သေတာလဲ မသိဘူး။ သူတို့က ဖယ်ခုံတောထဲမှာ နေခဲ့ရတယ်။ ပြီးတော့ ထောက်လှမ်းရေးရုံးမှာလည်း နေရတယ်။ ပြီးမှ တောင်ကြီး ရဲစခန်းကိုရောက်တာ။ ဘယ်ချိန်က သေသွားတာလည်းတော့ ကျနော်တို့ အတည်မပြုနိုင်သေးဘူး။ သေတာကတော့ သေချာတယ်။ ကျန်တဲ့သူတွေက တောင်ကြီး အမှတ် (၁) ရဲစခန်းမှာဘဲ ရှိနေသေးတယ်” ဟု ၎င်းကဆိုသည်။

ထိုဖမ်းဆီးခံထားရပြီး လူသားဒိုင်းအဖြစ် ခေါ်ဆောင်သွားသည့်သူများကို စစ်ကောင်စီ အုပ်စုက နိုင်ငံတော် ပုန်ကန်မှုဖြင့် အမှုဖွင့် တရားစွဲထားကြောင်း သိရသည်။

ထိုသူများသည် ကျေးရွာမှ ထွက်ပြေးတိမ်းရှောင်ရန် ခက်ခဲသည့်သူများဖြစ်ကြောင်း၊ ရွာစောင့်အနေဖြင့် ရွာတွင်း နေထိုင်ခဲ့သည့်သူများသာဖြစ်ကြောင်း သိရသည်။

May 9, 2026
စစ်အစိုးရ ၏ ရက် ၁၀၀ စီမံချက်ကြောင့် သျှမ်းပြည်အတွင်းသို့ တင်သွင်းကုန်များ ရပ်တန့်နေပြီး...
May 8, 2026
သျှမ်းပြည်တောင်ပိုင်း ၊ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းကြေးကို ယခင်ကထက်...
May 7, 2026
စိုင်းဟန်လင်း — သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင်...
May 6, 2026
စိုင်းဆိုင်အိုက် — မိုင်းပန်မြို့နယ် တောထဲတွင် တရုတ်နိုင်ငံသား အွန်လိုင်းလိမ်လည်သူ ကျားဖြန့်သမား...