မိုဘိုင်းဒေတာ စျေးနှုန်း ၂ ဆ တိုးမြှင့်

မိုဘိုင်းဒေတာ စျေးနှုန်း ၂ ဆ တိုးမြှင့်

မြန်မာနိုင်ငံတွင် မိုဘိုင်းဒေတာ အင်တာနက်ဈေးနှုန်း ယခင်ထက် ၂ ဆ ဈေးကြီးခြင်းသည် စစ်ကောင်စီမှ အင်တာနက်လိုင်းပေါ် သတင်းရှာဖတ်ရာတွင် ခက်ခဲအောင် ပြုလုပ်နေသည်ဟု သျှမ်းပြည်လူထုများက ပြောဆိုလိုက်သည်။

ဒီဇင်ဘာ ၈ ရက်နေ့မှ စပြီး အင်တာနက် မိုဘိုင်းဒေတာများ ယခင်ထက် ဈေးနှုန်းပိုကြီးလာသဖြင့် ပြည်သူများ အင်တာနက်ပေါ်တွင် သတင်းရှာဖတ်ရန် အခက်ခဲဖြစ်လာကြောင်း လဲချားမြို့ ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ကျနော့အထင်တော့ သူတို့ သတင်းကို အမှောင်ဖုံးချင်လို့လည်း ပါတယ်။ အင်တာနက်ဈေးကြီးတော့ လိုင်းမတက်နိုင် တဲ့သူတွေရှိလာမယ်။ လိုင်းမတက်နိုင်တော့ ကျနော်တို့ သတင်းသိချင်တာတွေ၊ ဘယ်နားဘာဖြစ်နေတာလဲဆိုတာ ချက်ချင်းမသိရတော့ဘူး” ဟု လဲချားမြို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

သို့ရာတွင် အင်တာနက်ဈေးနှုန်းမြှင့်တင်လာခြင်းသည် စစ်ကောင်စီက အခွန်ငွေကို ပိုမိုကောက်ခံခြင်းဖြစ်ကြောင်း၊ ငွေညစ်ယူသည့် နည်းလမ်းဖြစ်ကြောင်း တာချီလိတ်မြို့ခံ တစ်ဦးက ယူဆသည်။

“နိုင်ငံတော်ရဲ့ အခွန်ငွေပိုရအောင်လုပ်တယ်လို့ထင်တယ်။ အဘက်ဘက်ကလည်း စီးပွားမဖြစ်တော့ ငွေညစ် အဲနည်းလမ်းဘဲ ရှိတော့လို့နေမှာပါ။ အင်တာနက်ဈေးတက်လာတော့ အင်တာနက်လူကြည့်နည်းလာမယ်” ဟု တာချီလိတ်မြို့ ဒေသခံတစ်ဦးက ပြောသည်။

ထို့အပြင် အွန်လိုင်းပေါ်တွင် အလုပ်လုပ်နေသူများအတွက်လည်း အခက်ခဲများစွာရှိလာကြောင်း သိရသည်။

“ရှေ့ဆက်ပြီး ဘယ်လိုအလုပ် လုပ်သွားရမလဲ မသိတော့ဘူး။ ကျနော်တို့ အင်တာနက်ပေါ်ကနေ အလုပ်လုပ်တော့ ပိုပြီးခက်ခဲလာတယ်။ နဂိုကတည်းက စားဝတ်နေရေးခက်ခဲနေတာ။ အခုလို အင်တာနက်ဈေး ထက်လာမြှင့်တက်လိုက်တော့ ကျနော်တို့ ပိုပြီး ခက်ခဲလာနိုင်တယ်” ဟု အွန်လိုင်းပေါ် အလုပ်လုပ်နေသူတစ်ဦးက ပြောသည်။

ယခင်က မိုဘိုင်းဒေတာ အင်တာနက် 1.5 GB ကို ၁၀၀၀ ကျပ်နှုန်းနှင့် ဝယ်ယူရပြီး လက်ရှိတွင် မိုဘိုင်းဒေတာများသည် 1.5 GB ကို ၂၉၉၉ ကျပ်ဖြင့် ဝယ်ယူနေကြရကြောင်း သိရသည်။

May 9, 2026
စစ်အစိုးရ ၏ ရက် ၁၀၀ စီမံချက်ကြောင့် သျှမ်းပြည်အတွင်းသို့ တင်သွင်းကုန်များ ရပ်တန့်နေပြီး...
May 8, 2026
သျှမ်းပြည်တောင်ပိုင်း ၊ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းကြေးကို ယခင်ကထက်...
May 7, 2026
စိုင်းဟန်လင်း — သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင်...
May 6, 2026
စိုင်းဆိုင်အိုက် — မိုင်းပန်မြို့နယ် တောထဲတွင် တရုတ်နိုင်ငံသား အွန်လိုင်းလိမ်လည်သူ ကျားဖြန့်သမား...