မြောက်ဦးမြို့နယ် မြက်ရိတ်ကျွန်းကျေးရွာအုပ်စုတွင် ကိုဗစ်ကာကွယ်ဆေးထိုးနှံသူများထံမှ ငွေကောက်ခံမှုများရှိခဲ့

မြောက်ဦးမြို့နယ် မြက်ရိတ်ကျွန်းကျေးရွာအုပ်စုတွင် ကိုဗစ်ကာကွယ်ဆေးထိုးနှံသူများထံမှ ငွေကောက်ခံမှုများရှိခဲ့

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ် မြက်ရိတ်ကျွန်းကျေးရွာအုပ်စုတွင် ကိုဗစ်ကာကွယ်ဆေးထိုးရန်အတွက် လူတစ်ဦးလျှင် ငွေ ၁၅၀၀ ကျပ် ပေးဆောင်ရကြောင်း ဒေသခံများမှပြောဆိုကြသည်။

ကိုဗစ်ကာကွယ်ဆေးထိုးရန်လာရောက်မည့် ကျန်းမာရေးဝန်ထမ်းများ၏ စားသောက်ရေးနှင့် အခြားဝေယျာဝစ္စအတွက်ဟုဆိုကာ ကျေးရွာအုပ်ချုပ်ရေးမှူးမှ ယင်းသို့ငွေကောက်ခံခြင်းဖြစ်ကြောင်း မြောက်ဦးမြို့နယ် စေတီကုန်းကျေးရွာမှ ကိုအောင်သန်း(အမည်လွဲ)က ပြောသည်။

“ကျနော်တို့အိမ်က ၈ ယောက် ကိုဗစ်ကာကွယ်ဆေးထိုးတာ ကျပ် ၁၂၀၀၀ ပေးခဲ့ရတယ်"ဟု ၎င်းကပြောသည်။

မြောက်ဦးမြို့နှင့် ၄ မိုင်ခန့်အကွာတွင်ရှိသော မြက်ရိတ်ကျွန်းကျေးရွာတွင် စုရပ်အဖြစ်ထားကာ မြက်ရိတ်ကျွန်း၊ စေတီကုန်း၊ ဖိုးဖြူကျွန်း၊ ရွှေထွန်းဖြူ စသည့်ကျေးရွာ ၆ ရွာခန့်ကဒေသခံများမှ ကိုဗစ်ကာကွယ်ဆေးထိုးနှံကြခြင်းဖြစ်သည်။

ကိုဗစ်ကာကွယ်ဆေးကို အခမဲ့ထိုးနှံပေးခြင်းဖြစ်သော်လည်း ဒေသခံကျေးရွာသားများထံမှ ယခုကဲ့သို့ ငွေကောက်ခံမှုအပေါ် မေးခွန်းထုတ်နေကြသည်။

ရွှေထွန်းဖြူကျေးရွာမှ ဒေသခံအမျိုးသမီးတစ်ဦးကလည်း ကိုဗစ်ကာကွယ်ဆေးထိုးရန် လူတစ်ဦးလျှင် ငွေ ၁၅၀၀ ကျပ်ပေးခဲ့ရကြောင်းပြောသည်။

“ကျမတို့လည်း ကာကွယ်ဆေးသွားထိုးချိန်မှာ ငွေပေးခဲ့ရတယ်။ ဘာလုပ်ဖို့ကောက်တယ်ဆိုတာတော့ မမေးခဲ့ဘူး“ဟု ၎င်းအမျိုးသမီးကပြောသည်။

ယခုကဲ့သို့ငွေကောက်ခံခြင်းမှာ ကျန်းမာရေးဝန်ထမ်းများကို ထမင်းကျွေးမွေးဧည့်ခံရန်နှင့် အခြားဝေယျာဝစ္စကိစ္စများအတွက်ဖြစ်ကြောင်း မြက်ရိတ်ကျွန်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်ကျန်က ပြောသည်။

“ကာကွယ်ဆေးလာထိုးပေးတာ ကျန်းမာရေးဝန်ထမ်း ၉ ယောက်ပါတယ်။ သူတို့စားဖို့သောက်ဖို့အတွက်နဲ့ တခြားဝေယျာဝစ္စတွေအတွက် ငွေကောက်ခံရတာပဲဖြစ်တယ်။ နောက်တစ်ခုက အကုန်လုံးဆီက ကောက်ခံလို့လည်းမရပါဘူး။ မပေးတဲ့သူတွေလည်းရှိပါတယ်"ဟု ၎င်းကဆိုသည်။

ကျန်းမာရေးဝန်ထမ်းများမှ ကျေးရွာများသို့ ကိုဗစ်ကာကွယ်ဆေးသွားရောက်ထိုးနှံပေးသည့်အခါ အခက်အခဲကုန်ကျစရိတ်မရှိစေရန် ဌာနဆိုင်ရာများနှင့်ပူးပေါင်းပြီးဆောင်ရွက်နေကြောင်း ရခိုင်ပြည်နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်ကပြောသည်။

"ဆေးက အခမဲ့ထိုးပေးနေတာဖြစ်တယ်။ သူတို့(ကျန်းမာရေးဝန်)အဆင်ပြေအောင် ထွေအုပ်တို့၊ ဌာနပေါင်းစုံနဲ့ပူးပေါင်းပြီးတော့ ကျန်းမာရေးဝန်ထမ်းတွေသွားရောက်တဲ့အခါ ကုန်ကျစရိတ်မရှိရအောင် အကုန်လုံးကပူးပေါင်းဆောင်ရွက်နေပါတယ်“ဟု ၎င်းကဆိုသည်။

ကိုဗစ်ကာကွယ်ဆေးထိုးနှံရာတွင် မြို့နယ်အလိုက် ကျန်းမာရေးဝန်ထမ်းများမှ စိုက်သုံးထားရသည့် ကုန်ကျစရိတ်ငွေများကိုပြန်ရအောင် အစိုးရထံတင်ပြင်ထားကြောင်းလည်း ဒေါက်တာစိုးဝင်းပိုင်က ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာလကလည်း ကျောက်တော်မြို့နယ်အတွင်းက ကျေးရွာအချို့တွင် ကိုဗစ်ကာကွယ်ဆေးထိုးမည့်သူများကို တစ်ဦးလျှင် ငွေ ၂၀၀၀ ကျပ်ကောက်ခံမှုများရှိခဲ့ကြောင်း ဒေသခံများက ပြောဆိုကြသော်လည်း  DMG မှ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

April 11, 2026
တိုက်ပွဲများ ရှိနေသည့် စစ်တွေမြို့တွင် စစ်ကောင်စီသည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့အဖြစ် ဝန်ကြီး ၈...
April 10, 2026
စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့တွင် သင်္ကြန်ကာလ နီးကပ်လာမှုနှင့်အတူ...
နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးကာကင်းစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 9, 2026
မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်စခန်းတွင် တိုက်ပွဲဖြစ်ပွားမှု ဆက်တိုက်ရှိနေပြီး...
တားမြစ်ထားသည့် ယစ်မျိုးကုန်များ ရောင်းချမှုရှိ/မရှိ ULA/AA က စစ်ဆေးမှုများ လုပ်ဆောင်နေသည်ကို ၂၀၂၅ ခုနှစ်အတွင်းက ရခိုင်ဒေသတစ်နေရာတွင် တွေ့ရစဉ်။ ဓာတ်ပုံ - APM
April 8, 2026
သင်္ကြန်ကာလအတွင်း အာရက္ခတပ်တော်(AA) ထိန်းချူပ်ဒေသများသို့ တရားဝင် တင်သွင်းခွင့်ပြုထားသည့်...